ချယ်လ်ဆီးအသင်းရဲ့ ဆာဘီးယား ဂိုးသမား ဂျော့ဂျ် ပက်ထရိုဗစ်က အသင်းနဲ့အတူ လာမယ့်ရာသီတွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲသွားချင်ကြောင်းနဲ့ ဆုဖလားတွေကိုလည်း ရယူသွားချင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဂိုးသမား ပက်ထရိုဗစ်ဟာ ဒီရာသီကမှ အမေရိကန် မေဂျာလိဂ်ကလပ် နယူးအင်္ဂလန် ရီဗော်လူးရှင်းအသင်းကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုတော့ ချယ်လ်ဆီးအသင်းရဲ့ ပင်တိုင် ဂိုးသမားတစ်ဦးပါ ဖြစ်နေရပါတယ်။

Photo Credit : Goal

မန်ဒီ ကယ်ပါတို့ကို ရှင်းထုတ်ပြီး ရောဘတ် ဆန်းချက်ဇ်နဲ့ ပက်ထရိုဗစ်တို့ကို အစားထိုး ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးဟာ ဘရိုက်တန်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဆန်းချက်ဇ်ကိုပဲ ပုံမှန်ကစားခွင့် ပေးခဲ့ပေမယ့် ဆန်းချက်ဇ် ဒဏ်ရာရသွားချိန်ကနေစပြီး ပက်ထရိုဗစ်ကိုသာ တောက်လျှောက် အသုံးပြုခဲ့ပါတယ်။

ပက်ထရိုဗစ်အနေနဲ့ သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းနဲ့အတူ လိဂ်ဖလား ဖိုင်နယ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွေအထိ တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့်(၆)နေရာလောက်ထိ ရပ်တည်နိုင်မယ့် အလားအလာတွေ ရှိနေရပါတယ်။

Photo Credit : Complete Sports

အသင်းရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီး ပက်ထရိုဗစ်က “ကျွန်တော်တို့က လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲမှာ အနိုင်ရဖို့ ထိုက်တန်ပါတယ်။ အက်ဖ်အေဖလားမှာလည်း ကျွန်တော်တို့ ဆီမီးဖိုင်နယ်အထိ ကစားခဲ့ရပါသေးတယ်။ ကျွန်တော်တို့မှာက လူငယ် ကစားသမားလေးတွေ အများကြီး ရှိနေပြီးတော့ ဒီကစားသမားတွေဟာလည်း ဒီလိုအဆင့်တွေမှာ ပထမဆုံးအကြိမ်အဖြစ် ကစားခဲ့ရတာပါ။ ဒါကြောင့် ရလဒ်တွေက ကျေနပ်စရာတော့ မကောင်းခဲ့ဘူး။”

“ကျွန်တော်တို့တွေက အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ပါဝင်ကစားသွားချင်ပါတယ်။ အသင်းနဲ့အတူ ဆုဖလားတွေကိုလည်း ရယူသွားချင်ပါတယ်။ ဒီကလပ်အသင်းရဲ့ အစဉ်အလာကိုက ဆုဖလားတွေ ဆွတ်ခူးရယူနိုင်တာမျိုးပါ။ ဒါပေမယ့် လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့် ရရှိမယ်ဆိုရင်လည်း ဒါက အသင်းအတွက် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။