ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ပီထရိုဗစ်က ယနေ့မနက် အစောပိုင်းမှာ EFLဖလား ကွာတားဖိုင်နယ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၁ နယူးကာဆယ် ပွဲစဉ်မှာ နယူးကာဆယ်ရဲ့ နောက်ဆုံးပင်နယ်တီ ကန်ချက်ကို ကာကွယ်ကာ ချယ်လ်ဆီးကို ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ ပင်နယ်တီကန်ချက်ကို အလွယ်တကူ ကာကွယ်နိုင်ခဲ့တာပါလို့ ထုတ်ပြောလာခဲ့ပါတယ်။

ချယ်လ်ဆီးက EFLဖလား ကွာတားဖိုင်နယ် အဖြစ် နယူးကာဆယ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ပြီး အဆိုပါပွဲမှာ ပီထရိုဗစ်က ချယ်လ်ဆီးရဲ့ ဂိုးပေါက်ကို တာဝန်ယူ စောင့်ရှောက်ခဲ့ရပါတယ်။

Photo Credit: Football 365

ဒီပွဲကို နိုင်ရင် ချန်ပီယံဆုနဲ့ လက်တကမ်း အကွာကို ရောက်သွားမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ နိုင်ပွဲရယူဖို့ ကြိုးစားခဲ့ကြပြီး အိမ်ရှင် ချယ်လ်ဆီးက ဧည့်သည် နယူးကာဆယ်ထက် ခြေစွမ်းပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။

ဒါပေမယ့် ဧည့်သည် နယူးကာဆယ်က ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ဝီလ်ဆန်က ချယ်လ်ဆီး ဗဟိုနောက်ခံလူ ဘာဒစ်ရှီလာရဲ့ အမှားကို အခွင့်ကောင်း ယူကာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်လ်ဆီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၉၀+၂ မိနစ်မှာ မူဒရစ်ခ်က အဖိုးတန် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ပွဲချိန်အတွင်းမှာ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ချယ်လ်ဆီးဘက်က ပါလ်မာ ၊ ဂါလက်ချာ ၊ အန်ကွန်ကူ ၊ မူဒရစ်ခ် စတဲ့ ကစားသမား ၄ဦးစလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပြီး နယူးကာဆယ်ဘက်မှာ ထရစ်ပီယာရဲ့ ကန်ချက်က ဂိုးပေါက် လွဲခဲ့သလို ရစ်ချီရဲ့ နောက်ဆုံးကန်ချက်ကိုလည်း ပီထရိုဗစ်က အကောင်းဆုံး လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ပီထရိုဗစ်က သူဟာ ရစ်ချီရဲ့ နောက်ဆုံး ပင်နယ်တီကို အလွယ်တကူ ကာကွယ်ခဲ့တာပါလို့ ထုတ်ပြောလာခဲ့ပါတယ်။ ပီထရိုဗစ်က – “နောက်ဆုံးပင်နယ်တီမှာ ကျွန်တော်က ဘာဖိအားမှ မခံစားခဲ့ရပါဘူး။ နယူးကာဆယ်က ပင်နယ်တီကို ဝင်အောင် ကန်သွင်းရမှာပါ။ ကျွန်တော်ကတော့ အဲ့ဒီပင်နယ်တီကို ကာကွယ်ရုံနဲ့ အသင်းရဲ့ သူရဲကောင်း ဖြစ်ခွင့်ရမှာပါ။ ကျွန်တော်က လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်ခဲ့ရုံပါပဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။