ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ အီမန်နျူရယ် ပီတစ်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား ကိုင် ဟားဗက်ဇ်ကို ခေါ်ယူခဲ့သလို လာမယ့် နွေဈေးကွက်မှာလည်း အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမား မားကပ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးလာခဲ့ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကိုင် ဟားဗက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဟားဗက်ဇ်ဟာ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အာဆင်နယ်ဆီ ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ ဟားဗက်ဇ်ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ဂိုး သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၇ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Football Transfer

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေ ၊ ကွင်းပြင်ပ အရှုပ်အထွေးတွေကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ရက်ရှ်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုး ၈ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ကြိမ်သာ ရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကျဆင်းနေမှုကြောင့်ပဲ မားကပ် ရက်ရှ်ဖို့ဒ်ဟာ ယူရို ၂၀၂၄ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန်ရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit: Metro

လက်ရှိမှာ မားကပ် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာဖို့ တွေးနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပြီး ပီတစ်ကတော့ ရက်ရှ်ဖို့ဒ်ဟာ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်သလို အာဆင်နယ်ဟာ ရက်ရှ်ဖို့ဒ်အတွက် အသင့်တော်ဆုံးနေရာ ဖြစ်ကြောင်း ဆိုလာပါတယ်။

ပီတစ်က – “ကိုင် ဟားဗက်ဇ်ဟာ အာဆင်နယ်မှာ အများကြီး တိုးတက်လာပါတယ်။ ဒါပေမယ့် ဟားဗက်ဇ်ရဲ့ ဖြစ်ရပ်ကို ကြည့်ရုံနဲ့ တကယ်လို့ ရက်ရှ်ဖို့ဒ်ကသာ အာဆင်နယ်ဆီ ပြောင်းလာရင် အာတီတာက သူ့ကို တိုးတက်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်က သူ့ဘဝအတွက် အပြောင်းအလဲအသစ် တခု လုပ်ဖို့ အချိန်တန်နေပြီလို့ ယုံကြည်နေသလို အာဆင်နယ်ဟာ ရက်ရှ်ဖို့ဒ်နဲ့ လိုက်ဖက်တဲ့အသင်း ဖြစ်နိုင်ပါတယ်။ ရက်ရှ်ဖို့ဒ်က အာဆင်နယ်မှာ ခြေစွမ်းပြနိုင်မလား ဆိုတဲ့ မေးခွန်းကို လာမေးရင်တော့ အခုချက်ချင်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုက်ဖို့ပဲ ပြောချင်ပါတယ်။ ရက်ရှ်ဖို့ဒ်က မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာသာ ရှိနေရင် အရမ်းကောင်းတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ်။ ဟားဗက်ဇ်ကလည်း ချယ်လ်ဆီးမှာ ထူးဆန်းတဲ့ ပတ်ဝန်းကျင် တခု နေခဲ့ရတာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ပါတယ်။ အခုတော့ သူက အာဆင်နယ်မှာ အရမ်းကို ပျော်နေပါပြီ။ ကျွန်တော်က ရက်ရှ်ဖို့ဒ်ကိုလည်း အဲ့ဒီလို ပျော်စေချင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။