ပေါ်တူဂီ စူပါစတား ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အတ္တကြီးမားမှုက သူ့ကို ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး စံနမူနာ ယူစရာ ကစားသမားတစ်ဦး ဖြစ်လာစေတယ်လို့ ပြင်သစ် ကစားသမားဟောင်းကြီး အီမန်နူရယ် ပီတစ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လက်ရှိ အသက်အရွယ်မှာပင် အယ်လ်နာဆာအသင်းအတွက် ပေါ်တူဂီအသင်းအတွက်ပါ သွင်းဂိုးတွေ ဆက်လက် သွင်းယူပေးနေသလို စံချိန် မှတ်တမ်းသစ်တွေကို ဆက်လက် ရေးထိုးလျက် ရှိနေပါတယ်။

Photo Credit : Sporting News

မကြာသေးခင်ကမှ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း (၉၀၀)ကို သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားနဲ့ Social Medias တွေပေါ်မှာ follwers ပေါင်း တစ်ဘီလီယံထိ ရရှိတဲ့ ပထမဆုံး လူပုဂ္ဂိုလ် အစရှိတဲ့ ဂုဏ်ယူစရာ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရော်နယ်လ်ဒိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဝင်ရောက် ဆင်နွဲသွားဖို့လည်း ရှိနေပြန်ပါတယ်။

ဒီကစားသမားကြီးနဲ့ ပတ်သက်ပြီး ပီတစ်က “ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး စံနမူနာပြအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ သူ ဘယ်ကလာပြီးတော့ အသက်(၃၉)နှစ်အရွယ်မှာ ဘယ်ကို ရောက်နေလဲဆိုတာ မြင်ကြည့်နိုင်ပါတယ်။ သူက စပို့တင်းကနေ လာခဲ့ပြီးတော့ အလုပ်ကိုလည်း တစ်ဆင့်ချင်း လုပ်ဆောင်ခဲ့သလို အမြင့်ဆုံးအဆင့်မှာ အကြာကြီး ရှိနေနိုင်ဖို့ ရည်မှန်းချက်ထားခဲ့ပါတယ်။”

Photo Credit : Daily Jang

“နောက်ပြီး စံချိန်တွေ အားလုံးကို ချိုးဖျက်ဖို့နဲ့ အောင်မြင်မှုတွေကို ရယူဖို့ကိုလည်း ရည်မှန်းချက်ထားခဲ့ပါတယ်။ သူက အတ္တကြီးမားပါတယ်။ ဒါပေမယ့် အဲ့ဒီအတ္တက သူ့ကို တက်နိုင်သမျှ အကောင်းဆုံးတွေ ဖြစ်လာအောင် နေ့တိုင်း အချိန်တိုင်း တွန်းပို့နေပါတယ်။”

“သူ စံနမူနာပြခဲ့တာ (၁၅)နှစ်တောင် ရှိနေပါပြီ။ ဒါကြောင့် သူ့ကို ကျွန်တော် အရမ်း လေးစားမိပါတယ်။ ထိပ်တန်းနေရာကို တက်ချင်နေတဲ့သူ ထိပ်တန်းနေရာမှာ ရပ်တည်နိုင်အောင် လုပ်ဆောင်နေတဲ့ အားကစားမျိုးကိုကျွန်တော် တကယ် လေးစားပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ရုပ်ပိုင်းဆိုင်ရာအရပါ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အကောင်းဆုံးသော စံနမူနာပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။