ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်လေ့ ရှိတဲ့ ပီတစ်က သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ လာမယ့် နွေဈေးကွက်မှာ ငွေကြေးများစွာ အကုန်အကျခံကာ တိုက်စစ်မှူးသစ် ဝယ်ယူမယ့် အစား ရှိရင်းစွဲ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်ကိုသာ အချိန်ပေးသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် နာမည်ကြီး ကစားသမား များစွာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးကာ ဆက်တိုက် ခေါ်ယူခဲ့ပေမယ့် သူတို့အသင်းဆီ ရောက်လာတဲ့ ကစားသမားထဲမှာ လက်တဆုပ်စာ ကစားသမား တချို့ကလွဲရင် ကျန်တဲ့ ကစားသမားသစ်တွေက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Goal

အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ချယ်လ်ဆီးက ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၉) နေရာအထိ ရောက်ရှိနေတာကြောင့်ပဲ ဥရောပဝင်ခွင့် ရဖို့ အတွက် အက်ဖ်အေဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ လိုအပ်နေပါတယ်။

ဒီရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ အသင်းအတွက် အားကိုးရမယ့် ထိပ်တန်း တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ စီစဉ်နေကြပြီး ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ နာပိုလီတိုက်စစ်မှူး အိုဆီမန်နဲ့ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ကရော့ကီယက်တို့ ပါဝင်နေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးမှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ပီတစ်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တန်ကြေးမြင့် ကစားသမား ခေါ်ယူမှုတွေကို မလုပ်သင့်တော့ပဲ ဂျက်ဆန်လိုမျိုး အလားအလာ ရှိတဲ့ တိုက်စစ်မှူးကိုသာ အချိန်ပေးသင့်ကြောင်း ထောက်ပြ အကြံပေးလာပါတယ်။

Photo Credit: The Sun

ပီတစ်က – “ကျွန်တော်ကတော့ ချယ်လ်ဆီးက ကရော့ကီယက်နဲ့ အိုဆီမန်တို့ကို မလိုအပ်ဘူးလို့ ထင်ပါတယ်။ ချယ်လ်ဆီးမှာ ရှိနေတဲ့ အရည်အချင်းတွေကို အကောင်းဆုံး အသုံးမချနိုင်သေးတဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။ နီကိုလပ်စ် ဂျက်ဆန်ကလည်း အဲ့ဒီလို ကစားသမား တယောက်ပါ။ နီကိုလပ်စ် ဂျက်ဆန်က အလားအလာကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားသလို တခါတလေမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကိုလည်း ထုတ်ပြနိုင်ခဲ့ပါတယ်။ သူက ခြေစွမ်းတွေ ပိုကောင်းလာအောင် ကြိုးစားဖို့ပဲ လိုတာပါ။ ကိုင်စီဒိုနဲ့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်တို့ကလည်း အတူတူပါပဲ။ ချယ်လ်ဆီးမှာ ကစားသင့်တဲ့ ခြေစွမ်းအတိုင်း မကစားနိုင်ကြတဲ့ ကစားသမားတွေ များနေပါတယ်။ သူတို့က ယုံကြည်ချက် ပျောက်ဆုံးနေတာကြောင့် ကွင်းထဲရောက်ရင် ခြေစွမ်းတွေပါ ပျောက်ဆုံးနေပါတယ်။ နီကိုလပ်စ် ဂျက်ဆန်ကလည်း အဲ့ဒီလို အဖြစ်မျိုးကို ကြုံနေရတယ်လို့ ထင်ပါတယ်။ အသင်းက ရုန်းကန်နေရတဲ့ အချိန်မှာ သူက ရောပြီး ရုန်းကန်နေရတာပေါ့။ နီကိုလပ်စ် ဂျက်ဆန်က ပြိုင်ဘက်ကစားသမား ၄ ၊ ၅ယောက်လောက်ကို လိမ်ခေါက်ပြီး ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းကသာ ခြေစွမ်းတိုးတက်လာရင် သူ့ရဲ့ ခြေစွမ်းကလည်း တိုးတက်လာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ ချယ်လ်ဆီးဟာ တိုက်စစ်မှူးသစ် တဦး ထပ်ခေါ်ဖို့ မလိုဘူးလို့ပဲ မြင်ပါတယ်။ သူတို့က ငွေကို ရေလို သုံးနေတာတွေ ရပ်ဖို့ လိုပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။