MySport Myanmar

အာဆင်နယ်က စတားလင်းကို မခေါ်ယူခဲ့သင့်ဘူးလို့ ပီတစ် မှတ်ချက်ပြု

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ အီမန်နူရယ်လ် ပီတစ်က အာဆင်နယ်အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ရာဟင် စတားလင်းကို အသင်းဆီ မခေါ်ယူခဲ့သင့်ကြောင်း စတားလင်းဟာ ခြေစွမ်းပိုင်း တသမတ်တည်း ရှိနေတဲ့ ကစားသမား မဟုတ်ကြောင်း မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ဒီနွေမှာ ခံစစ်ပိုင်းအတွက် အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီ ကွင်းလယ်ပိုင်းအတွက် စပိန် ကွင်းလယ်လူ မီခယ်လ် မော်ရီနိုနဲ့ ဂိုးသမားနေရာအတွက် ဝါရင့် ဂိုးသမားကြီး နက်တိုတို့ကို ခေါ်ယူဖြည့်တင်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ နွေဈေးကွက်ရဲ့ deadline day မှာပဲ surprise signing အနေနဲ့ စတားလင်းကို အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။

Photo Credit : Sky Sports

လီဗာပူးလ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့ပြီး ကစားသမားဘဝအတွင်း လီဗာပူးလ် မန်စီးတီးနဲ့ ချယ်လ်ဆီးတို့မှာ ပါဝင်ခဲ့ဖူးတဲ့ စတားလင်းဟာ အခုဆိုရင်တော့ အာဆင်နယ်နဲ့ပါ ကစားသမားဘဝကို ဖြတ်သန်းရတော့မှာဖြစ်ပြီး မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ မီခယ်လ် အာတီတာနဲ့ပါ ပြန်လည် လက်တွဲရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီနွေအတွက် ကစားသမား (၃)ဦးအထိ ခေါ်ယူပြီးသွားချိန်မှာ ညာတောင်ပံ ကစားသမား ရီးစ် နယ်လ်ဆင်ကိုပါ လက်လွတ်ရဖို့ အကြောင်းဖန်လာတာကြောင့် နယ်လ်ဆင်နေရာ အစားထိုးဖို့အတွက် စတားလင်းကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ စတားလင်းဟာ ချယ်လ်ဆီးမှာ အနာဂတ် မရှိတော့တဲ့ ကစားသမားဖြစ်လို့ သူ့ကို ခေါ်ယူခဲ့ခြင်းနဲ့ ပတ်သက်ပြီး အာဆင်နယ် ပရိသတ်တွေကြားမှာ အမြင်ကွဲလွဲနေကြသလို ဂန်းနားကစားသမားဟောင်းကြီး ပီတစ်ကလည်း စတားလင်းကို ခေါ်ယူမှုအပေါ် မနှစ်သက်ကြောင်း ပြောဆိုလာပါတယ်။

Photo Credit : Metro

“အာဆင်နယ်က စတားလင်းကို မခေါ်ယူခဲ့သင့်ပါဘူး။ စတားလင်းဆီကနေ ကြီးမားတဲ့ အခိုက်အတန့်တွေ ရနိုင်တယ် ဆိုပေမယ့် သူရဲ့ ခြေစွမ်းပိုင်းတွေက ဘယ်တော့မှ တသမတ်တည်းလည်း ရှိမနေပါဘူး။ နောက်ပြီး လီဗာပူးလ်ကနေ ထွက်ခွာပြီးကတည်းက မန်စီးတီးမှာရော ချယ်လ်ဆီးမှာပါ သူရဲ့ တိုးတက်မှုတွေကို မမြင်ခဲ့ရဘူး။”

“သူက အခုထိ final balls တွေမှာ တိုးတက်ဖို့ လိုနေသေးပြီးတော့ ဂိုးတွေ ပိုသွင်းနိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဒါက သူရဲ့ အဓိက ပြသာနာပါ။ နောက်ပြီး မီခယ်လ် အာတီတာက သူ့အသင်းအတွက် ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသဖို့ ဆာလောင်နေတဲ့ သူတွေကိုပဲ လိုချင်တာ။ စတားလင်းကတော့ တခြား လူငယ် တောင်ပံကစားသမားတွေထက် ပိုတိုးတက်လာဖို့လည်း မရှိပါဘူး။” လို့ ပီတစ်က မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version