MySport Myanmar

နည်းပြမာတီနက်ဇ်က ရော်နယ်လ်ဒိုကို ကြောက်ရွံ့နေရတယ်လို့ ပီတစ် စွပ်စွဲ

ပေါ်တူဂီ လက်ရွေးစင်အသင်း နည်းပြ ရောဘတ်တို မာတီနက်ဇ်ဟာ ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ကြောက်ရွံ့နေတယ်လို့ ကမ္ဘာ့ဖလား ချန်ပီယံဟောင်း အီမန်နူရယ် ပီတစ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အသက်(၄၀)အရွယ်ရှိ ရော်နယ်လ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေကို ဆက်လက် ပြသနေဆဲဖြစ်ပြီး ဒီရာသီမှာလည်း ဂိုး(၃၀)ကျော် သွင်းယူထားနိုင်ခဲ့ပြန်ပါတယ်။ ကလပ်အသင်းရော နိုင်ငံအသင်းအတွက်ပါ ရော်နယ်လ်ဒိုရဲ့ စိတ်အားထက်သန်မှုက ပြင်းထန်နေဆဲဖြစ်ပြီး ပွဲပေါင်း (၂၁၉)ပွဲကစား နိုင်ငံတကာ သွင်းဂိုး (၁၃၆) ဂိုး ရရှိထားတဲ့ ဘလွန်းဒီအော (၅)ကြိမ်ဆုရှင်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ကိုယ်စားပြုဖို့ ရည်မှန်းချက်တွေ ရှိနေဆဲပါ။

Photo Credit : Goal

ဒါပေမယ့် ရော်နယ်ဒိုအပေါ် မယိမ်းမယိုင် ယုံကြည်မှု အပြည့်ထားခြင်းက အသင်းအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်စေတယ်လို့ လူတိုင်းကတော့ မယုံကြည်ကြပါဘူး။ ပြင်သစ် လက်ရွေးစင်ဟောင်း ပီတစ်ကတော့ ရော်နယ်လ်ဒိုနဲ့ ပတ်သက်လာရင် မာတီနက်ဇ်ရဲ့ ဘက်မလိုက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သူက ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်ကို သူတို့ရဲ့ စူပါစတား အသင်းခေါင်းဆောင်ကြီးကို အရန်ခုံမှာ ထားဖို့ လိုအပ်ရင်တောင်မှ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့ သြဇာအာဏာရှိ နည်းပြတစ်ဦးကို ခန့်အပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Sambaslots နဲ့ အင်တာဗျူးမှာ ပီတစ်က “ရော်နယ်လ်ဒိုက အမြဲတမ်း တူညီတဲ့ စိတ်အားထက်သန်မှု တူညီတဲ့ ဆန္ဒကို ပြသပါတယ်။ သူက အခုဆို အသက်အရွယ်တစ်ခု ရှိနေပေမယ့် အောင်မြင်မှုတွေ ရယူချင်နေတုန်းပဲ။ ရာသီတိုင်းမှာ ကစားတဲ့ ပွဲတိုင်းမှာ သမိုင်းသစ် ရေးထိုးချင်နေတယ်။ ပေါ်တူဂီနဲ့အတူ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရလဒ်အတွက် သူ စိတ်မကောင်း ဖြစ်ခဲ့မှာ သေချာပြီး လာမယ့် ကမ္ဘာ့ဖလားမှာ အဲ့ဒါကို ပြန်ပြင်ချင်နေပါလိမ့်မယ်။ အကြီးမားဆုံး ပြဿနာက ရော်နယ်လ်ဒိုကို ပေါ်တူဂီ လူစာရင်းမှာ ဆက်ထားဖို့ မဟုတ်ပါဘူး။ လိုအပ်တဲ့ အခြေအနေမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်ပြီး အရန်ခုံကနေ စတင်ဖို့ ပြောရဲတဲ့ သတ္တိ နည်းပြမှာ ရှိရဲ့လား ဆိုတာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : The Independent

“သူ့ကို ပွဲထွက်လူစာရင်းမှာ မထည့်ဖို့ အရမ်း ကြောက်နေလို့ မရဘူး။ ရော်နယ်လ်ဒိုကို တစ်ခါတလေ အရန်ခုံကနေ စတင်တာက ပိုကောင်းတယ်လို့ ပြောရဲတဲ့ သတ္တိ ရှိဖို့ လိုတယ်။ သူက ပွဲတိုင်းကို ကစားနိုင်မှာ မဟုတ်ဘူး။ ကစားခဲ့ရင်လည်း အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေလိမ့်မယ်။ ရော်နယ်လ်ဒိုရဲ့ အတ္တအရ သူ တစ်ခါတလေ အရန်ခုံမှာ ထိုင်ဖို့ ဆန္ဒရှိပါ့မလား။ ကျွန်တော်ကတော့ ရှိမယ် မထင်ဘူး။ ဒါကြောင့် သတ္တိရှိတဲ့ နည်းပြတစ်ယောက် ရှိမှပဲ ဒီကိစ္စက အလုပ်ဖြစ်မှာ။” လို့ ပီတစ်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ မြောက်အမေရိကမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို မျှော်မှန်းနေချိန်မှာ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝ နေဝင်ချိန်ကို စီမံခန့်ခွဲရခြင်းဟာ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် ရေတိုမှာတော့ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ဂိုးသွင်းခြေ စွမ်းဆောင်ရည်တွေကြောင့် လာမယ့် ဇွန်လမှာ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရချိန် Nations League ဆီမီးဖိုင်နယ်မှာ ရော်နယ်ဒိုကပဲ တိုက်စစ်ကို ဦးဆောင်လာဦးမယ်ဆိုရင် အံ့ဩကြမယ့်သူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်။

Exit mobile version