အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ တိုက်စစ်မှူး ပီတာခရော့ချ်ကတော့ လီဗာပူးအသင်းဟာ ပြိုင်ဘက် မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူလိုက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတာ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ အသက်၃၉နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ဟာ ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ သုံးနှစ်တိုင်တိုင် လီဗာပူး အသင်းမှာ ကစားသွားခဲ့သူ တစ်ဦး ဖြစ်ကာ စပါး ၊ ပို့စ်မောက် ၊ စတုတ်စီးတီးစတဲ့ ပရီးမီးယားလိဂ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂိ အတွေ့အကြုံရင့် ကစားသမားတစ်ဦး လည်း ဖြစ်ပါတယ်။

Photo Credit: Tribuna

ဒါပေမယ့် ပီတာခရော့ချ်ဟာ သူ့ရဲ့ အသင်းဟောင်းတွေထဲမှာ လီဗာပူးအသင်းကို အတော်လေး သံယောဇဉ်ရှိသူ တစ်ဦး ဖြစ်ပြီး လီဗာပူးအသင်းနဲ့ ပတ်သတ်တဲ့ အကြောင်း အရာတွေကို မကြာခဏဆိုသလို တီဗွီအစီအစဉ် တွေမှာ ဆွေးနွေးလေ့ရှိသူ ဖြစ်ပြီး ယခု Daily Mail သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဒီဘရိုင်းကို လီဗာပူးအသင်းမှာ မြင်တွေ့လိုတဲ့အကြောင်းကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ခရော့ချ် ကတော့ ဒီဘရိုင်းကိုသာ လီဗာပူးအသင်းက ခေါ်ယူလိုက်ရင် လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်စတဲ့ ဖလားတွေကို ရရှိသွားလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

Photo Credit: Tribuna

ဒီဘရိုင်းကို လီဗာပူးအသင်းမှာ မြင်တွေ့လိုတဲ့ အကြောင်းကို ခရော့ချ်က ” ဒါက အရမ်းကို ပျော်စရာကောင်းတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်သွားမှာပါ။ တကယ်လို့ လီဗာပူးကသာ ဒီဘရိုင်းကို ခေါ်ယူလိုက်ရင် လာမယ့်နှစ်မှာ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကိုလည်း ရမယ်။ ချန်ပီယံလိဂ်ဖလားကိုလည်း ရမယ်။ ပြီးတော့ အင်္ဂလန်ရဲ့ ခြွင်းချက်မရှိ အကောင်းဆုံးအသင်း လည်း ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ လီဗာပူးပရိသတ်တွေသာ တစ်ယောက်ကို ၁၀ပေါင်စီ လောက် စုလိုက်ရင် ဒီဘရိုင်းကို ခေါ်ယူဖို့ လိုတဲ့ ငွေကြေးကို ရပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူးဟာ ဒီဘရိုင်းကို အရမ်းကြီး လိုအပ်တဲ့ အသင်း တော့ မဟုတ်ပါဘူး။ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ကို ပို့စ်မောက် အသင်းမ​ှာကတည်းက ကျွန်တော် သိခဲ့တာပါ။ သူဟာ အသင်းကို အင်အားဖြည့်တင်းတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တဲ့သူပါ။ လီဗာပူး ဟာ ကစားသမားကောင်းတွေ မလိုအပ်ပါဘူး။ သူတို့မှာ စိတ်ဓာတ်ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပြီး အသင်းတွင်းမှာလည်း စည်းလုံးမှုရှိပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။