ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ဂိုးသမားဟောင်းကြီး ပီတာချက် ကတော့ မန်ယူအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီဟာ သူ့ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်တယ် လို့ ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ ဝိန်းရွန်းနီနဲ့ ပီတာချက်တို့ဟာ ချယ်လ်ဆီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ရွှေခေတ်လို့ ဆိုရမယ့် ၂၀၀၇ခုနှစ် ကနေ ၂၀၁၁ခုနှစ်လောက်အတွင်းမှာ ကြိမ်ဖန် များစွာ ရင်ဆိုင်တွေ့ဖူးခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြပြီး ဝိန်းရွန်းနီဟာ ပီတာချက်ကို သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့သလို ပီတာချက်ကြောင့်ပဲ ဝိန်းရွန်းနီတစ်ယောက် ဂိုးပေါက်ပျောက်ခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိပါတယ်။

Photo Credit: Premier League.com

မှတ်တမ်းမှတ်ရာတွေအရ ဝိန်းရွန်းနီဟာ ပီတာချက်ကို ကျော်ဖြတ်ကာ သွင်းဂိုးဆယ်ဂိုးကျော် သွင်းယူခဲ့တယ်လို့ သိရပြီး ပီတာချက်လို ထိပ်တန်းဂိုးသမား တစ်ဦးကို အခုလို သွင်းဂိုးများများစားစား သွင်းယူနိုင်ဖို့ဟာ မလွယ်ကူလှပါဘူး။ ဒါ့ကြောင့်လည်း ပီတာချက်က ရွန်းနီဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရင်ဆိုင်တွေ့ခဲ့ဖူးတဲ့သူတွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦး ဖြစ်တယ်လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာပါ။ အဆိုပါ အကြောင်းအရာကို ချယ်လ်ဆီးအသင်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပီတာချက်က အခုလိုပဲ ဖြေဆို ရှင်းလင်းသွားခဲ့တာပါ။ သူ့ရဲ့ ကစားသမားဘဝမှာ အခက်ခဲဆုံး ပြိုင်ဘက်ဟာ ဘယ်သူလဲဆိုတဲ့ မေးခွန်းကိုတော​့ ပီတာချက်က –

Photo Credit: Premier League.com

” ဝိန်းရွန်းနီပါ။ ကျွန်တော်တို့အသင်းက မန်ယူ အသင်းနဲ့ ရင်ဆိုင်ကစားရတဲ့ အခါတိုင်းမှာ ရွန်းနီရဲ့ ခြေထောက်ထဲကို ဘောလုံးရောက်သွားတာနဲ့ သူဟာ အံ့အားသင့်စရာကောင်းတဲ့ အရာတွေကို လုပ်ဆောင်ပြခဲ့ပါတယ်။ သူဟာ အရမ်းကို ခန့်မှန်းရခက်ပြီး တော်တဲ့ ကစားသမားတစ်ဦးပါ။ ရွန်းနီဟာ ခင်ဗျားကို လှည့်စားနိုင်တယ်။ အမြဲတမ်းလည်း တိုက်ခိုက်နိုင်တယ်။ ပြီးတော့ ပြေးနှုန်းကလည်း တကယ်ကောင်းတယ်။ သူ့ရဲ့ ကန်ချက်တွေကလည်း အရမ်းကောင်းပါတယ်။ ပြီးတော့ သူက ကွင်းလယ်နားလောက်ကနေ ဂိုးသွင်းယူနိုင်စွမ်း ရှိတဲ့သူတစ်ဦးပါ။ ခင်ဗျားက ဂိုးပေါက်နဲ့ ခပ်ဝေးဝေကို ရောက်နေပြီဆိုရင် သူက ခင်ဗျားကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူဖို့ ကြိုးစား လိမ့်မယ်။ ဒါက ကျွန်တော်နှစ်သက်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ ” လို့ ဖွင့်ဟဝန်ခံသွားခဲ့တာပါ။