ပြင်သစ်လီဂူး နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ နည်းပြဖြစ်သူ ပီတာဘော့ ကတော့ ယနေ့ည ၁နာရီ ၁၅မိနစ် အချိန်မှာ ယှဉ်ပြိုင် ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခပ်ကြမ်းကြမ်း ကစားပြီး ထိန်းချုပ်ရမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ လိုင်ယွန်အသင်းတို့ဟာ ယနေ့ည ၁နာရီ ၁၅မိနစ်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အိမ်ရှင် အားသာချက်လည်း ရှိနေသလို ထိပ်သီး ကစားသမားများစွာ ပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီအသင်းကသာ အနိုင်ရရှိဖို့ ရေပန်းစားနေပါတယ်။

Photo Credit: RMC Sports

ပီအက်စ်ဂျီအသင်းဟာ နေမာ ၊ အမ်ဘာပေ ၊ ဒီမာရီယာတို့လို ထိပ်တန်း တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားသလို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာကြောင့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းဟာ ပြင်သစ်လီဂူးရဲ့ အကောင်းဆုံး တိုက်စစ်အတွဲပဲ ဖြစ်ပါတယ်။

လိုင်ယွန်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံး ပွဲစဉ်၂ပွဲမှာ ရှုံးပွဲမရှိ ကစားထားနိုင်တာကြောင့် ယခုပွဲစဉ်မှာလည်း ရလဒ်ကောင်း တစုံတခု ရရှိနိုင်ဖို့ မျှော်လင့်နေပြီး လိုင်ယွန်အသင်းရဲ့ နည်းပြပီတာဘော့ ကတော့ သူတို့အနေနဲ့ ရလဒ်ကောင်း ရယူချင်ရင် မက်ဆီကို ထိန်းချုပ် ကစားနိုင်ဖို့ လိုအပ်ကြောင်းနဲ့ မက်ဆီကို ဘယ်လို ထိန်းချုပ်သွားမလဲ ဆိုတာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: RMC Sports

ပီတာဘော့က – “ကျွန်တော်ကတော့ ကစားသမားတွေဟာ မက်ဆီကို စည်းစည်းလုံးလုံးနဲ့ ခုခံ ကာကွယ်ဖို့ လိုအပ်မယ် ထင်ပါတယ်။ ကျွန်တော်က မက်ဆီ ကစားတဲ့ ပွဲတွေ အများကြီးကို ကြည့်ရှုဖူးပါတယ်။ နယ်သာလန်ရဲ့ မထင်မရှား ကလပ်အသင်း ဖြစ်တဲ့ ဟီရာကယ်အသင်းမှာ ရှိနေထဲက မက်ဆီရဲ့ ကစားပုံကို လေ့လာဖူးပါတယ်။ သူနဲ့ ရင်ဆိုင် ကစားရမှာက အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပြီးတော့ တကယ်လို့ ကျွန်တော်တို့ကသာ သူ့ကို အနိုင်ရခဲ့ရင် ပိုပြီး ပျော်ဖို့ ကောင်းမှာပါ။ သူ့ကို ထိန်းချုပ်ဖို့ ကတော့ မလွယ်ပါဘူး။ သူက အရမ်းကောင်းတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ပြီး အသင်းလိုက် ကစားပုံကသာ မက်ဆီကို တားဆီးနိုင်မယ့် တခုထဲသော အခွင့်အရေးပါ။ တယောက်ထဲ ဆိုရင် မလွယ်ပါဘူး။ ပထမဦးဆုံး ကတော့ ကျွန်တော်တို့က သူ့ကို လေးစားရပါမယ်။ ပြီးတော့ ကျွန်တော်တို့က သူ့ကို ခပ်ကြမ်းကြမ်း ကစားဖို့ လိုပါလိမ့်မယ်။ ခင်ဗျားကသာ သူ့ကို ညင်ညင်သာသာ ဆက်ဆံနေရင် သူက ခင်ဗျားကို ကျော်ဖြတ်သွားပါလိမ့်မယ်” လို့ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။