MySport Myanmar

ဂါဘရီရယ်ဂျေဇူးကို ခေါ်ယူသွားဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ နွေရာသီ အထူးပစ်မှတ်ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးဟာ အခုဆိုရင် အာဆင်နယ် ကစားသမားသစ် ဖြစ်လာဖို့က ရာနှုန်းပြည့်ကို သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြအာတီတာ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ရဲ့ ကြိုးပမ်းချက်တွေနဲ့ ဂျေဇူးကို မန်ချက်စတာစီးတီးအသင်းကနေ ခေါ်ယူသွားဖို့ အလုံးစုံ သဘောတူညီမှုပါ ရရှိသွားခဲ့တဲ့အတွက် မကြာခင်မှာပဲ ဂျေဇူးကို အာဆင်နယ်ဂျာစီနဲ့ သေချာပေါက်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်နွေဈေးကွက်ထဲမှာ လူငယ်ကစားသမားလေး မာကင်ဟို့စ် ပေါ်တိုကွင်းလယ်လူ ဗီယာရာတို့ကိုသာ ခေါ်ယူထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက်တော့ ဂျေဇူးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူနိုင်ဖို့ တောက်လျှောက် ကြိုးပမ်းလာခဲ့ရာ အခုဆိုရင် မန်စီးတီးအသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှုတွေ အကုန်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ဂျေဇူးအတွက် အာဆင်နယ်အသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းထားမှုကို မန်စီးတီးဘက်က သဘောတူညီခဲ့ပြီးတဲ့နောက် လက်ရှိမှာ ဂျေဇူးကပါ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းသွားဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးက အာဆင်နယ်အသင်းဆီကို ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ ဆေးစစ်မှုတွေ ခံယူသွားဖို့အတွက်လည်း ဒီတစ်ပတ်ထဲမှာပဲ အားလပ်ရက် အနားယူနေရာကနေ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီ ရောက်လာဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်း လာကာဇက်တို့လို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်ထားရတာကြောင့် အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမား ပြန်လည်ဖြည့်တင်းဖို့က မဖြစ်မနေ လိုအပ်နေတာကြောင့် နွေဈေးကွက်မတင်ခင်ကတည်းက ဂျေဇူးကို ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဂျေဇူးကလည်း မန်စီးတီးလို နှစ်တိုင်းမှာ ဆုဖလား အောင်မြင်မှုတွေ ရရှိနေတဲ့ အသင်းမှာ ပါဝင်နေရပေမယ့် အသင်းကို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟော်လန်း အဲလ်ဗာရက်ဇ်တို့ ရောက်ရှိလာခဲ့တဲ့အတွက် သူရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာဖွယ် ရှိနေတာကြောင့် အခုလို အသင်းပြောင်းဖို့ စီစဉ်လာရတာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ဂျေဇူးကို ခေါ်ယူပြီးရင်တော့ ဂျေဇူးရဲ့ လက်ရွေးစင်အသင်းဖော် ရာဖင်ညာကို ဆက်လက်ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Exit mobile version