စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းထံ ပြောင်းလာမယ်လို့ ကတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ကတိဖျက်ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုသွားတဲ့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို သူ ရှိနေသရွေ့ ရီးရဲလ်မက်ဒရစ်ထံ မခေါ်တော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ယခု နွေအပြောင်းအရွှေ့ အတွင်းမှာ ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့ပေမယ့် အဆုံးသတ်မှာတော့ ပီအက်စ်ဂျီနဲ့သာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ ပီရက်ဇ် အပါအဝင် ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေထံ ကတိပေးခဲ့ပေမယ့် ပြင်သစ်သမ္မတ အပါအဝင် ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး ပုဂ္ဂိုလ်အများစုက အမ်ဘာပေကို ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ တိုက်တွန်းခဲ့ကြပြီးနောက် အမ်ဘာပေက လက်မှတ်ထိုးကြေးရော လုပ်ခလစာပါ မြိုးမြိုးမြက်မြက် ရမယ့် ပီအက်စ်ဂျီမှာသာ ဆက်နေဖို့ ဆုံးဖြတ်သွားခဲ့တာပါ။

သူ့ရဲ့ ကတိဖျက်မှုကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်သူတွေက အမ်ဘာပေကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပြီး ခရစ္စတီယာနို ရိုနယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပို့ဆောင် ပေးခဲ့တဲ့ နာမည်ကြီး အေးဂျင့်တဦးကလည်း ယခုလိုမျိုး နာမည်ကြီး ကစားသမား တဦး အနေနဲ့ ကတိဖျက်မှုမျိုး မလုပ်ဆောင်သင့်ကြောင်းနဲ့ ကတိဖျက်ခဲ့ရင်လည်း တဖက်အသင်းကို နစ်နာကြေး ပေးဆောင်သင့်ကြောင်း ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း သူဟာ အမ်ဘာပေကို အလွန် သဘောကျသူ ဖြစ်ပေမယ့် ယခုလိုမျိုး ကတိဖျက်တဲ့ ကစားသမား တဦးကို ရီးရဲလ်မက်ဒရစ်ဆီ မခေါ်ချင်ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်က ဘယ်လို ကစားသမားထက်မဆို ကြီးကျယ်တဲ့ အသင်းပါလို့ နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Elchiringuito TVနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က – “အမ်ဘာပေရဲ့ ကစားပုံနဲ့ ခြေစွမ်းပိုင်းကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော် လိုချင်ခဲ့တဲ့ အမ်ဘာပေက ဒီလိုမျိုး အမ်ဘာပေ မဟုတ်ပါဘူး။ အခုချိန်မှာ ကျွန်တော်က အမ်ဘာပေ တယောက် ပီအက်စ်ဂျီမှာ ဆက်နေတာကိုပဲ ပိုပြီး သဘောကျနေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော် သိခဲ့တဲ့ အမ်ဘာပေ မဟုတ်တော့လို့ပါ။ ကျွန်တော်က သူ့ကိုလည်း ရီးရဲလ်မက်ဒရစ်ဆီ မခေါ်ချင်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ်က ဘယ်လို ကစားသမားမျိုးထက်မဆို ကြီးကျယ်တဲ့ အသင်းပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။