စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်က လာမယ့် ၂၀၂၄ခုနှစ်မှာ သူတို့အသင်းကို စွန့်ခွာကာ ဘရာဇီးလ် လက်ရွေးစင်အသင်းကို ကိုင်တွယ်တော့မယ်လို့ နာမည်ကြီးနေတဲ့ နည်းပြချုပ် အန်ဆလော့တီရဲ့ နေရာအတွက် ဆက်ခံသူ အဖြစ် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ အလွန်ဆိုကို ရွေးချယ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆလော့တီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေတာ အတော်လေး ကြာနေပါပြီ။

Photo Credit: Sports Brief

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဘရာဇီးလ်အခြေစိုက် နာမည်ကြီး သတင်းဌာနတချို့က ဘရာဇီးလ်အသင်းဟာ အန်ဆလော့တီကို လာမယ့် ၂၀၂၄ခုနှစ်မှာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီး အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်ထံ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြထားကြောင်း ဆိုပါတယ်။

အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ ပြင်ဆင်နေသလို ရီးရဲလ်မက်ဒရစ်ကလည်း အသက်အရွယ် ရလာတဲ့ အန်ဆလော့တီရဲ့ နေရာကို အစားဝင်နိုင်မယ့် လူငယ်နည်းပြတွေကို စတင် ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်စာရင်းထဲမှာ အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လေဗာကူဆင်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဇာဘီ အလွန်ဆိုလည်း ပါဝင်ပါတယ်။

Photo Credit: Real Madrid FC

အသက် ၄၁နှစ် အရွယ် စပိန်လူမျိုး ဇာဘီ အလွန်ဆိုက ကစားသမားဘဝမှာ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေနဲ့ အထင်ကရ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့သလို လေဗာကူဆင်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ချိန်မှာလည်း အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့ပြီး သူ့ရဲ့ လက်အောက်မှာ လေဗာကူဆင်က ၃၇ပွဲ ကစားခဲ့ရာ ၁၇ပွဲနိုင် ၊ ၁၀ပွဲသရေ ၊ ၁၀ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ခဲ့ကာ ယူရိုပါလိဂ်ဝင်ခွင့်လည်း ရခဲ့ပါသေးတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်က လေဗာကူဆင်မှာ ပြသထားတဲ့ အလွန်ဆိုရဲ့ စွမ်းဆောင်ရည်တွေကို အလွန် သဘောကျနေပြီး ပီရက်ဇ်က အလွန်ဆိုကို လာမယ့် ၂၀၂၄ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ဆီ ခေါ်ဖို့ စီစဉ်နေသလို အလွန်ဆိုကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။