စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ဖြစ်သူ ပီရက်ဇ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ နည်းပြဘဝ ကနေ အနားယူဖို့ စဉ်းစားနေတဲ့ အသင်းနည်းပြ အန်ဆလော့တီရဲ့ နေရာအတွက် ဆက်ခံသူ အဖြစ် သူတို့အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သူ ဟိုဆေး မော်ရင်ဟိုကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၆၃နှစ် အရွယ် အီတလီလူမျိုး နာမည်ကြီးနည်းပြ အန်ဆလော့တီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အဲဗာတန် ကနေ ရီးရဲလ်မက်ဒရစ်ထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာသူ ဖြစ်ပြီး သူဟာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုစလုံးမှာ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express

ယခုနှစ် ဘောလုံးရာသီမှာလည်း အန်ဆလော့တီက ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ဦးဆောင်ပေးထားကာ လာလီဂါပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးမှာ အခြေအနေကောင်းနေသလို ချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်မယ့် အနေအထားမျိုးမှာလည်း ရှိနေပါတယ်။

ဒါပေမယ့် အန်ဆလော့တီက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သူ့ရဲ့ မိသားစုကို အချိန်ပေးချင်တာကြောင့် နည်းပြဘဝ ကနေ အနားယူတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ရီးရဲလ်မက်ဒရစ်ကလည်း အန်ဆလော့တီသာ အသင်းကနေ ရုတ်တရတ် ထွက်ခွာသွားရင် သူ့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်သီးနည်းပြတွေကို ရှာဖွေနေပါတယ်။

Photo Credit: Express

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ La Repubblica သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က အန်ဆလော့တီကို ဆုံးရှုံးလိုက်ရရင် သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိသလို ရီးရဲလ်မက်ဒရစ်ကို လာလီဂါပြိုင်ပွဲမှာ စံချိန်တင် ရမှတ် ၁၀၀နဲ့ ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ လက်ရှိ ရိုးမားနည်းပြ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

မော်ရင်ဟိုက စပါးကနေ ထွက်ခွာပြီးနောက် ရိုးမားလို စီးရီးအေရဲ့ နန်းကျအသင်းကို ကိုင်တွယ်နေရပေမယ့် သူ့ရဲ့ လက်အောက်မှာ ရိုးမားဟာ အတော်လေး တိုးတက်လာခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ယူရိုပါ ကွန်းဖရန့်လိဂ်ကို ဗိုလ်စွဲနိုင်ခဲ့ပါသေးတယ်။