စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ပီရက်ဇ် ကတော့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်တဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းချနိုင်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ဗာရန်းကတော့ ရီးရဲလ် မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို လက်ရှိအချိန် အထိ ပြန်လည် တုံ့ပြန်ခြင်း မရှိသေးသလို အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စဉ်းစားနေပြီး ဗာရန်းကို ခေါ်ယူဖို့ အတွက် လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပြီး ဗာရန်းရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marcaက ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဥက္ကဌ ပီရက်ဇ်က သူတို့ဟာ လက်ရှိအချိန် အထိ ဗာရန်းအတွက် တရားဝင် ကမ်းလှမ်းမှုတွေကို ရရှိထားခြင်း မရှိသေးပေမယ့် ဗာရန်းဟာ အသင်းကနေ ထွက်ခွာလို့ ရကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Express

ဗာရန်းရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပီရက်ဇ်က – “ဗာရန်းနဲ့ ပတ်သတ်ပြီး ဘာတွေဖြစ်မလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူက အခုချိန်မှာ ယူရိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲပြီးရင်တော့ ကျွန်တော်တို့ဟာ သူနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာပါ။ ကျွန်တော်တို့က သူ့အတွက် တရားဝင် ကမ်းလှမ်းမှု တခုမှကို မရသေးပါဘူး။ ဒါပေမယ့် အသင်းကနေ ထွက်ခွာချင်ရင်တော့ သူ့ဘက်က အသင်းကို အသိပေးဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ နီးစပ်သူတွေက အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းခန့် လိုချင်နေကြောင်း ဖွင့်ဟ ပြောကြားထားကြပါတယ်။