ယခုရက်ပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ရဲ့ လျို့ဝှက် အသံဖိုင်တွေ တောက်လျှောက်ဆိုသလို ထွက်ပေါ်နေပြီး ပထမဦးဆုံး အနေနဲ့ ပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္တဝင် ကစားသမားတွေလို့ ပြောလို့ ရတဲ့ ရာအူးလ် ၊ ကာဆီးလက် တို့လို ကစားသမားတွေကို လူလိမ်တွေလို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားတဲ့ အသံဖိုင် ထွက်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာ အဆိုပါ အသံဖိုင်ကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပရိသတ်တွေက ဥက္ကဌ ပီရက်ဇ်ကို ဝေဖန်မှုတွေ ပြုလုပ်နေကြပေမယ့် ပီရက်ဇ်ကတော့ ဝေဖန်မှုတွေကို ဂရုစိုက်ဟန် မပြပဲ အဆိုပါ အသံဖိုင်ထဲမှာ ပါဝင်တဲ့ အသံတွေဟာ သူ့ရဲ့ အသံတွေ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ပီရက်ဇ်က သူ့ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်သူတွေကို လုံးဝ တောင်းပန်ခြင်း မပြုလုပ်သလို အဆိုပါ အသံဖိုင်ကို ဖြန့်နေတဲ့ လူတွေဟာ သူ့အနေနဲ့ စူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ ဆက်လက် ကြိုးစားနေတာကို ရပ်တန့်ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ အဆိုပါ အသံဖိုင်ကို ဖြန့်တဲ့လူတွေကို တရားစွဲသွားမယ်လို့ သူ့ရဲ့ ရှေ့နေတွေက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ အဆိုပါ အသံဖိုင်ကို ဘယ်သူက ဖြန့်လိုက်လဲ ဆိုတာ မသိသေးပေမယ့် ပီရက်ဇ်ရဲ့ နောက်ထပ် အသံဖိုင်တွေဟာ ထပ်မံ ပျံ့နှံ့နေပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ အသံဖိုင်ထဲမှာ ပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ရိုနယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို စံချိန်တင် ရမှတ်တွေ ၊ စံချိန်တင် သွင်းဂိုးတွေနဲ့ ပြန်လည် ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြ မော်ရင်ဟိုတို့ကို အရူးတွေလို့ ပြောထားပါတယ်။

Photo Credit: Marca

အဆိုပါ လျို့ဝှက် အသံဖိုင်ထဲမှာတော့ ပီရက်ဇ်က ရိုနယ်ဒိုရဲ့ အကြောင်းတွေကို အခုလိုပဲ ပြောကြားထားတာပါ။ ပီရက်ဇ်က – “ရိုနယ်ဒိုက ရူးနေပြီ။ ဒီကောင်က တကယ့် ငကြောင်ကောင်ပဲ။ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းတယ်။ မင်းတို့က ဒီကောင်ဟာ သာမန်လို့ပဲ ထင်နေတာမလား။ တကယ်တော့ မဟုတ်ဘူး။ တကယ်လို့ သူသာ ဦးနှောက်ကောင်းသေးရင် အခု လုပ်နေတာတွေကို လုပ်မှာ မဟုတ်ဘူး။ သူ နောက်ဆုံး လုပ်ခဲ့တဲ့ ရူးကြောင်ကြောင် လုပ်ရပ်ကို ကြည့်လိုက်ဦး။ ဒီကောင် ဒီလိုမျိုး ရူးကြောင်ကြောင် လုပ်နေတာကို မင်းတို့ ဘယ်လိုထင်ကြလဲ” ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူပဲ ပီရက်ဇ်က ရိုနယ်ဒိုနဲ့ တနိုင်ငံတည်းသား မော်ရင်ဟိုကိုလည်း ပုံမှန်မဟုတ်တဲ့လူလို့ ဖွင့်ဟ ပြောကြားထားပါသေးတယ်။ မော်ရင်ဟိုနဲ့ ပတ်သတ်ပြီး ပီရက်ဇ်က – “မန်ဒက် (ရိုနယ်ဒိုနဲ့ မော်ရင်ဟိုတို့ရဲ့ အေးဂျင့်) က ရိုနယ်ဒိုကို မထိန်းချုပ်နိုင်ဘူး။ ပြီးတော့ မော်ရင်ဟိုကိုရောပဲ။ အင်တာဗျူးတွေမှာတောင် သူတို့က သူ့ရဲ့ စကားတွေကို နားမထောင်ကြဘူး။ အဲ့ဒီနှစ်ကောင်စလုံးက အတ္တကြီးတယ်။ ပြီးတော့ ပျက်စီးနေကြတယ်။ ပိုက်ဆံတွေ အများကြီး ရနေတော့ ဘာကိုမှ ဂရုမစိုက်သလို ဖြစ်နေကြတယ်။ ဒီနှစ်ကောင်စလုံးက ပုံမှန် မဟုတ်ကြတော့ဘူး။ သူတို့က ပိုက်ဆံနဲ့ ပုံရိပ်အသုံးပြုခတွေ အကြောင်းကိုပဲ ပြောနေကြတယ်” လို့ ပြောခဲ့တာပါ။