စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ပီရက်ဇ် ကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် နှစ်ပေါင်းများစွာ ခြေစွမ်းပြ ကစားနေတဲ့ ဝါရင့် ကွင်းလယ်လူ မိုဒရစ်ဟာ ရွှေဘောလုံးဆုကို နောက်ထပ်တကြိမ် ထပ်မံ ရရှိသင့်ကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

စပိန်စူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ဘီလ်ဘာအိုတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ရီးရဲလ်မက်ဒရစ်က မိုဒရစ် ၊ ဘန်ဇီမာတို့ရဲ့ သွင်းဂိုးတွေ ၊ ကော်တိုရစ်ရဲ့ ပင်နယ်တီ ကာကွယ်မှု တကြိမ်တို့နဲ့ အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး အသင်းရဲ့ သမိုင်းတလျှောက် ၁၂ကြိမ်မြောက် အဖြစ် စပိန်စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလား အောင်ပွဲမှာ အဓိက ကျခဲ့တဲ့ ကစားသမား ကတော့ အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်လူ မိုဒရစ် ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ် ကတော့ မိုဒရစ်ဟာ ရွှေဘောလုံးဆုကို နောက်ထပ်တကြိမ် ထပ်မံ ရရှိသင့်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ ၂၀၁၂ခုနှစ်မှ စတင်ကာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ပါဝင် ကစားပေးခဲ့သူ တဦး ဖြစ်ပြီး ၂၀၁၈ခုနှစ်ရဲ့ ရွှေဘောလုံးဆုကိုလည်း သိမ်းပိုက် ရရှိခဲ့သူပါ။

Photo Credit: Standard

အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်သူ မိုဒရစ် တယောက် ရွှေဘောလုံးဆုကို နောက်ထပ်တကြိမ် ထပ်မံ ရရှိသင့်ကြောင်းကို ပီရက်ဇ်က အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ ပီရက်ဇ်က – “ကြွားတာတော့ မဟုတ်ပေမယ့် မိုဒရစ်နဲ့ ကော်တိုရစ်တို့က သူတို့ ကစားတဲ့ နေရာတွေမှာ အကောင်းဆုံး ကစားသမားတွေပါ။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားကို ရရှိထားသလို မိုဒရစ်ကလည်း ခြွင်းချက်မရှိ ကောင်းမွန်တဲ့ ကစားသမား ဖြစ်ပါတယ်။ သူက ဒုတိယမြောက် ရွှေဘောလုံးဆုနဲ့လည်း ထိုက်တန်သူပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။