ဥရောပရဲ့ ထိပ်တန်းကလပ်အသင်း (၁၂)သင်းနဲ့ စတင်ဖွဲ့စည်းပြီး ကျင်းပဖို့ ဟန်ပြင်ပြီးကမှ ရက်ပိုင်းအတွင်းမှာပဲ ပြိုင်ပွဲကို အကန့်အသတ်မရှိ ရပ်နားလိုက်ရတဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲသာ လုံးဝမဖြစ်လာခဲ့ဘူးဆိုရင် လက်ရှိဘောလုံးလောကရဲ့ ရတနာတွေလို့တောင် တင်စားရမယ့် ကီလီယန်အမ်ဘာပေနဲ့ အာလင်ဟာလန်းတို့လို ကစားသမားတွေကို ဘယ်ကလပ်အသင်းကမှ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စတင်အသိပေး ကြေညာခဲ့တဲ့ ဥရောပစူပါလိဂ်ကြောင့် ဥရောပဘောလုံးနယ်ပယ်အတွင်း အတော်လေးကို လှုပ်ခတ်သွားခဲ့ရသလို ဘောလုံးအသိုင်းအဝိုင်း တစ်ခုလုံးနီးပါးကလည်း ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။ ဒီလို ဝေဖန်ခံရမှုတွေနဲ့အတူ စူပါလိဂ်ဟာလည်း ရက်ပိုင်းအတွင်းမှာပဲ ပြိုင်ပွဲကျင်းပဖို့အတွက် မဖြစ်နိုင်တော့တဲ့အတွက် ပြိုင်ပွဲကို ပယ်ဖျက်လိုက်ရပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ရပါတယ်။ ဒါပေမယ့် ငွေကြေးပိုင်း အမြတ်အစွန်းတွေ ပိုမိုရရှိနိုင်မယ့် ပြိုင်ပွဲတစ်ခု မဖြစ်လာတော့တဲ့အတွက် ကလပ်အသင်းတွေရဲ့ကြားမှာ ငွေကြေးစီးဆင်းမှု မရှိနိုင်တော့ပဲ ထိပ်တန်းကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေပါ တွေ့မြင်လာရမှာ မဟုတ်ဘူးလို့ ပြိုင်ပွဲဥက္ကဌအဖြစ် ခန့်အပ်ခံထားခဲ့ရတဲ့ ပီရက်ဇ်က ပြောဆိုလာပါတယ်။

Photo Credit : Atalayar

ပီရက်ဇ်က “ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ဒီနှစ်နွေစျေးကွက်အတွင်းမှာ ထိပ်တန်းအပြောင်းအရွှေ့ကြီးတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ငွေကြေးတွေက ချမ်းသာတဲ့ ကလပ်အသင်းတွေကနေ ငွေကြေးအင်အားနည်းတဲ့ ကလပ်အသင်းတွေဆီကို မစီးဆင်းလာနိုင်တော့ဘူးဆိုရင် လူတိုင်းဒုက္ခရောက်ရပါလိမ့်မယ်။ ဒါကြောင့် ဟာလန်း ဘာပေတို့လို ထိပ်တန်းကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါက ရီးရဲလ်တစ်သင်းတည်း မဟုတ်ပါဘူး။ စူပါလိဂ်သာ မရှိလာခဲ့ဘူးဆိုရင် အသင်းတိုင်းက ထိပ်တန်းအပြောင်းအရွှေ့တွေကို လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့်နွေစျေးကွက်မှာ အသင်းအတွက် ကျွန်တော်တို့တွေ ဘာပေကိုသာ မခေါ်ယူပေးနိုင်ဘူးဆိုရင် အသင်းပရိသတ်တွေက သူတို့ခေါင်းကို သေနတ်နဲ့ပစ်သတ်ရလောက်တဲ့အထိကို ဝမ်းနည်းကြလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံးတွေဖြစ်အောင် ဘယ်လောက်လုပ်ဆောင်ထားလဲဆိုတာကို ပရိသတ်တွေ သိနေလို့ပါ။ ဒါကြောင့် သူတို့ဖြစ်စေချင်တဲ့ အပြောင်းအရွှေ့တွေ ဖြစ်မလာခဲ့ရင် ဒါဟာ ဖြစ်လာနိုင်ခြေမရှိလို့ မဖြစ်လာခဲ့တာလို့ မှတ်ယူလာပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။