စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်ရှိ ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူးနှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ကိုင်လီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့ နှစ်ယောက်စလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖို့ ကြံစည်နေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်ကြယ်ပွင့် အမ်ဘာပေနဲ့ အသက် ၂၁နှစ် အရွယ် နော်ဝေကြယ်ပွင့် ဟာလန်းတို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ခံထားရသလို သူတို့နှစ်ဦးစလုံးက လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ရွှေဘောလုံးဆုကို အပြိုင် လုကြမယ့် ကစားသမား နှစ်ဦးအဖြစ်လည်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: AS English

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ပဲ့ကိုင်ရှင် ပီရက်ဇ်က အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူကာ သူတို့အသင်းရဲ့ အင်အားကို တိုးချဲ့ချင်နေတာ ဖြစ်ပြီး ယခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာကြောင့် ပီရက်ဇ်ရဲ့ စိတ်ကူး အကောင်အထည် ပေါ်ဖို့ ဆိုရင် သူတို့အနေနဲ့ အာလင်း ဟာလန်းကို ခေါ်ယူဖို့သာ လိုအပ်တော့ပြီး ရီးရဲလ်မက်ဒရစ်က ဟာလန်းကို ခေါ်ယူနိုင်ဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: AS English

အာလင်း ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၈၅သန်းသာ ရှိတာကြောင့် ယခုအချိန်မှာ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုက စိတ်ဝင်စားနေကြပေမယ့် ဟာလန်းရဲ့ ဖခင်ကိုယ်တိုင် ကစားခဲ့ဖူးတဲ့ မန်ချက်စတာ စီးတီးက ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး မန်ချက်စတာ စီးတီးက ဟာလန်းကို တပတ် လုပ်ခလစာ ပေါင်၄သိန်းနဲ့ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီရက်ဇ်က ဟာလန်းနဲ့ အမ်ဘာပေတို့ နှစ်ဦးစလုံးကို ရီးရဲလ်မက်ဒရစ် တိုက်စစ်ပိုင်းမှာ တွဲဖက်ပေးဖို့ ဆန္ဒရှိနေသလို ဟာလန်းကသာ မန်ချက်စတာ စီးတီးဆီ ရောက်သွားရင် သူတို့အနေနဲ့ ဟာလန်းကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့ကြောင်း သဘောပေါက်ထားတာကြောင့် ဟာလန်းကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။