ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ် နဲ့ အသင်းရဲ့ ဥက္ကဌဖြစ်သူ ‌ဖလော်ရန်တီနို ပီရက်ဇ် တို့ နှစ်ယောက်ကြားမှာ အချိန်အတော်ကြာအောင် အတော်လေးကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိနေခဲ့ပြီးတော့ သူတို့နှစ်ဦးဟာ မကြာခဏ ဆိုသလို တိုက်ရိုက် အဆက်အသွယ်တွေ ပြုလုပ်လေ့ရှိကာ ဆွေးနွေးစကားပြောတဲ့ အခါမှာလည်း တစ်ဦးနဲ့ တစ်ဦး လုံးဝ ရိုးသားစွာ ‌ပြောဆို ဆက်ဆံကြတယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက်ကြား အပြည့်အဝ သဘောတူညီမှု မရရှိသေးခင်မှာတောင် အသင်း အတွက် အကျိုးအမြတ်ကိုပဲ စိတ်ထဲမှာ ထားပြီးတော့ ဆွေးနွေးလေ့ရှိပါတယ်။

Photo Credit: Marca

အခုချိန်မှာ သူတို့နှစ်ဦးကြား ဖိအားပေးနေတဲ့ ပြဿနာဟာ ရာမို့စ်ရဲ့ စာချုပ်သက်တမ်းတိုး ကိစ္စပဲ ဖြစ်ပါတယ်။ ထိုမေးခွန်းကို မီဒီယာတွေက မကြာခဏ ဆိုသလို မေးလေ့ရှိတဲ့ အပေါ်ကိုလည်း နှစ်ဦးလုံးက သဘောမကျဘူး ဖြစ်ပါတယ်။ ရာမို့စ်ရဲ့ လက်ရှိစာချုပ်ဟာ လာမယ့် ၂၀၂၁ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပြီးတော့ အသင်းအနေနဲ့ ရာမို့စ်နဲ့ သဘောတူညီမှု ရရှိဖို့ နည်းလမ်းကို ရှာဖွေရာမှာ ဖိအားတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ ရာမို့စ်နဲ့ ပီရက်ဇ်ကြားမှာ ရှိတဲ့ ဆက်ဆံရေးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရတဲ့ အနေအထား ဖြစ်တယ်လို့ စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြ သွားပါတယ်။

Photo Credit: Marca

မာကာ သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ သူတို့နှစ်ဦး အနေနဲ့ စာချုပ် သက်တမ်း ကိစ္စကို အခြားသူ အကူအညီ မပါပဲ နှစ်ယောက်တည်း ဆွေးနွေးနိုင်တယ်လို့ သိထား ရပါတယ်။ သူတို့ နှစ်ဦးဟာ ၂၀၀၅ ခုနှစ် ‌နွေရာသီကတည်းက အတူ လက်တွဲပြီး လုပ်ကိုင်နေတာ ဖြစ်တာကြောင့် သူတို့ ဘာလိုချင်တယ်၊ တစ်ယောက်စီကနေ တစ်ယောက် ဘာကို မျှော်လင့်တယ် ဆိုတာကို တပ်အပ် သိကြပါတယ်။ သူတို့ နှစ်ယောက်ကြားမှာ အပြည့်အဝ ယုံကြည်မှု ရှိပြီးတော့ နှစ်ယောက်လုံးက ရီးရဲလ်မက်ဒရစ် အသင်းအတွက် အကောင်းဆုံးတွေပဲ လိုချင်ကြတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ရာမို့စ်ဟာ မကြာခင်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တိုးနိုင်တော့မှာ ဖြစ်ကြောင်း စပိန် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။