တရုတ်နိုင်ငံကနေ မြစ်ဖျားခံကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်ဂယက်ကြောင့် ဥရောပမှာရှိတဲ့ လိဂ်ပြိုင်ပွဲတွေ အားလုံးနီးပါးဟာ ရပ်ဆိုင်းထားခဲ့ရတာကို အားလုံးလဲ သိကြမှာပါ။ အဆိုပါ ရပ်ဆိုင်းထားမှုကနေ ယခုနှစ်ရာသီ လိဂ်ပြိုင်ပွဲတွေကို ဖျက်သိမ်းဖို့ ဆန္ဒရှိနေကြသူတွေ ရှိသလို တချို့လူတွေကလဲ ရာသီပြီးဆုံးဖို့ အနည်းငယ် သာ လိုအပ်တော့တဲ့ လိဂ်တွေကို ခပ်မြန်မြန် ကစားစေပြီး အဆုံးသတ်ဖို့ အကြံပေးကြသူတွေလဲ ရှိနေပါတယ်။ လက်ရှိမှာတော့ အဆိုပါ ငြင်းခုန်မှုတွေကြားထဲကို မန်ယူအသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပါရဲယားဟာ ပါဝင်လာခဲ့ပြီး ပါရဲယားကတော့ သူ့အနေနဲ့ တစ်ရက်တစ်ပွဲ ကစားပြီး အဆုံးသတ်ရမယ်ဆိုရင်တောင် အဆုံးသတ်ချင်နေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Mirror.com

အင်္ဂလန်ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန် မှာ ရေချိန်အမြင့်ဆုံးအနေအထားကို ရောက်နေတဲ့ လိဂ်တစ်ခုဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့ နှစ်ပွဲကိုသာ အနိုင်ကစားဖို့ လိုတော့သလို မန်ယူ ၊ ချယ်လ်ဆီး ၊ အာဆင်နယ် ၊ စပါး ၊ ရှက်ဖီးလ် ၊ ဝုဗ်စတဲ့ အသင်းတွေကလဲ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ရင်ဆိုင်ယှဉ်ပြိုင်နေကြရပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန်တိုက်ပွဲအတွက်လည်း အသင်း ရှစ်သင်းလောက်က ပြိုင်ဆိုင်နေရပြီး ပါရဲယား ကတော့ သူတို့အသင်းအနေနဲ့ လက်ရှိရာသီကို အဆုံးသတ်နိုင်ခဲ့ပါက ကောင်းကျိုးတွေ ရရှိဖို့ ရှိတာကြောင့် လက်ရှိဘောလုံးရာသီကို ဖြစ်တဲ့ ပုံစံတစ်ခုနဲ့ အဆုံးသတ်သွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit: Mirror.com

လက်ရှိရာသီကို အဆုံးသတ်မယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ပါရဲယားက ” ကျွန်တော်ကတော့ ဒီရာသီကို အမြန်ဆုံး ပြီးစေချင်နေပါပြီ။ ဒီအချိန် က အခက်အခဲတွေ ပြည့်နေတဲ့ အချိန်ဖြစ်သလို ကျန်းမာရေးအတွက်လဲ အရေးကြီးတဲ့ အနေအထားဖြစ်တာကို သိပါတယ်။ ဒါပေမယ့် တစ်နေ့ကို တစ်ပွဲကန်ရမယ်ဆိုရင်တောင် ဒီရာသီကို ကျွန်တော်က အပြီးသတ်ချင်နေပါပြီ။ ရာသီပြီးဆုံးဖို့ ခပ်မြန်မြန် ကစားရင် ကြံ့ခိုင်မှု ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဒီပြဿနာကို ကျွန်တော်တို့အနေနဲ့ ဖြေရှင်းဖို့ အသင့်ရှိပါတယ်။ လက်ရှိမှာ လူတိုင်းက နားချိန် ​တွေ အများကြီးရထားပါတယ်။ ပြီးတော့ ဒဏ်ရာရတဲ့ ကစားသမားတွေကလဲ သက်သာလာနေပါပြီ။ ၂ရက်တစ်ပွဲကန်ရတဲ့ အစီအစဉ်ကလဲ ကျွန်တော်တို့အတွက် အဆင်ပြေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းရဲ့ လူစာရင်းက တောင့်တင်းတယ်လေ။ ဒီရာသီကို ဖျက်သိမ်းသင့်ပြီဆိုတဲ့ အဆိုတွေကိုတော့ လက်ခံဖို့ ခက်ခဲပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။