ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ အန်ဒရေ ပါရဲယားဟာ အီတလီ စီးရီးအေ ကလပ် လာဇီယို အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် တရားဝင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း မန်ချက်စတာမြို့ သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူ ပါရဲယားဟာ မန်ယူအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ် လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် လက်ရှိ နွေစျေးကွက် အတွင်းမှာတော့ အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ပါရဲယားဟာ ကွင်းလယ်တိုက်စစ် ၊ ဗဟို ကွင်းလယ် ၊ ညာတောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်ပေမယ့် မန်ယူအသင်း မှာတော့ ထင်ထားသလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပဲ နောက်ပိုင်း ပွဲတွေမှာတော့ အသင်းရဲ့ လူစာရင်းမှာပါ ပါဝင်နိုင်ခဲ့ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ပါရဲယားဟာ သူ့ရဲ့ ကစားသမား ဘဝ အတွက် မန်ယူအသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သူ မကျင်လည်ဖူးတဲ့ နေရာ ဖြစ်တဲ့ အီတလီ နိုင်ငံမှာ သွားရောက် ကစားဖို့ လာဇီယိုအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ လာဇီယို အသင်းဟာ ပါရဲယားကို ခေါ်ယူဖို့ အတွက် ယူရို ၃၀ သန်း ဝန်းကျင် ကုန်ကျဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Metro

မန်ချက်စတာမြို့မှာ နေတဲ့ ဘရာဇီးလ် သတင်းသမား တစ်ဦး ဖြစ်တဲ့ Fred Caldeira ရဲ့ အဆို အရတော့ မန်ယူအသင်းနဲ့ လာဇီယို အသင်းတို့ဟာ ပါရဲယားရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေး နေတာဟာ ရက်သတ္တပတ် အနည်းငယ် ရှိနေပြီး လက်ရှိမှာတော့ ပါရဲယားကို တစ်ရာသီ အငှား + ရာသီကုန်မှာ ယူရို ၂၈ သန်းနဲ့ မဖြစ်မနေ ခေါ်ယူခွင့် နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ လို့ သိရှိ ရပါတယ်။ ဒါ့အပြင် လာဇီယို အသင်းကသာ ပါရဲယားကို ထပ်မံ ရောင်းချမယ် ဆိုပါက အဆိုပါ ရောင်းချမှုရဲ့ ၁၀ ရာခိုင်နှုန်းကို မန်ယူအသင်း ဟာ ရရှိမယ် ဆိုတဲ့ အချက်လည်း သဘောတူညီမှု ထဲမှာ ပါဝင်ပါတယ်။ မန်ယူအသင်း မှာ တောက်ပခွင့် မရခဲ့တဲ့ ပါရဲယား တစ်ယောက် လာဇီယို အသင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြ နိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။