ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ် ကနေ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေက သူဟာ လာမယ့်ရာသီမှာ အာဆင်နယ် အတွက် ပြန်ကစားပေးချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပေပေက ၂၀၁၉ခုနှစ်မှာ လိုင်လီ ကနေ အာဆင်နယ်ဆီ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Metro

ညာတောင်ပံ တခုထဲမှာ ကစားလေ့ ရှိတဲ့ နီကိုလပ်စ် ပေပေက အာဆင်နယ်ဆီ စတင် ရောက်ရှိကာစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ နည်းပြအပြောင်းအလဲ ၊ အသင်းဖော် အပြောင်းအလဲတွေကြောင့် ခြေစွမ်းတွေ ထိုးဆင်းသွားခဲ့သူ ဖြစ်ပြီး သူဟာ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို အခုချိန်အထိ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက ယခုနှစ် ဘောလုံးရာသီ အစမှာ ပေပေကို နိုက်စ်ထံ တရာသီအငှားနဲ့ စေလွှတ်ခဲ့ပြီး ပေပေကလည်း သူ ကျင်လည်ခဲ့တဲ့ ပြင်သစ် လီဂူးဝမ်းဆီ ပြန်လည် ရောက်ရှိချိန်မှာ ပုံမှန် ပွဲထွက်ကစားခွင့် ရရှိမှုတွေနဲ့အတူ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့ကာ ပေပေဟာ ယခုနှစ် ဘောလုံးရာသီမှာ နိုက်စ် အတွက် စုစုပေါင်း ၂၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာတော့ သတင်းထောက် တဦးက ပေပေကို အနာဂတ် အစီအစဉ်တွေ အကြောင်း မေးမြန်းခဲ့ရာ ပေပေက အာတီတာကသာ သူ့ကို အလိုရှိရင် အာဆင်နယ် အတွက် ပြန်ကစားပေးချင်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ပေပေက – “အာဆင်နယ်က ကျွန်တော်နဲ့ ပတ်သတ်ပြီး ဘာလုပ်ချင်နေလဲ ဆိုတာကို မသိရသေးပါဘူး။ ကျွန်တော်က အာဆင်နယ် အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒါကလည်း နည်းပြအပေါ်ပဲ မူတည်နေပါတယ်။ ကျွန်တော်က အခု နိုက်စ်မှာ ပျော်ရွှင်နေသလို နိုက်စ်နဲ့အတူ ကစားရမယ့် နောက်ဆုံး ၂လ အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျန်တာကိုတော့ ရာသီကုန်မှပဲ ဆွေးနွေးသွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။