ပေါ်တိုအသင်းရဲ့ ဝါရင့် နောက်ခံကစားသမားကြီး ပီပီက မနေ့ညက သူတို့အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ အာဆင်နယ်အသင်းက ကံအနည်းငယ် ကောင်းသွားခဲ့တာပါလို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

မနေ့ညက အာဆင်နယ်အသင်းနဲ့ ပေါ်တိုအသင်းတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုကျော့ပွဲစဉ်မှာ အာဆင်နယ်က ထရိုဆက်ဒ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ထားနိုင်ပြီး နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုးစီ သရေ ဖြစ်နေချိန် မိနစ်(၉၀)အပြီးမှာရော အချိန်ပို မိနစ်(၃၀)အထိပါ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Telegraph

ပင်နယ်တီ ကန်သွင်းကြရာမှာ အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာက လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်ရင်း အာဆင်နယ်က ပင်နယ်တီနဲ့ အနိုင်ယူပြီး ကွာတားအဆင့်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ဒီရလဒ်နဲ့ ပတ်သက်ပြီး ပေါ်တိုနောက်ခံလူ ပီပီက “ကနဦးအနေနဲ့ကတော့ အသင်းပရိသတ်တွေကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ အားပေးမှုက တကယ့်ကို အံ့မခန်းပါပဲ။ နောက်ပြောချင်တာကတော့ ဒီလို ပုံစံနဲ့ ထွက်ခွာသွားရတာက ရှက်စရာကောင်းပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။”

“ကျွန်တော်တို့အသင်းက အာဆင်နယ်အသင်းဘက်ကို ခက်ခဲမှုတွေ အတော်လေး ဖန်တီးနိုင်ခဲ့တယ်။ အိမ်ကွင်းမှာလည်း အနိုင်ယူထားခဲ့တယ်။ ဒီပွဲမှာတော့ သူတို့အသင်းက ပထမဆုံးကန်ချက်နဲ့ ဂိုးရခဲ့တယ်။ နည်းပြရဲ့ တောင်းဆိုမှုအတိုင်း ကစားနိုင်ခဲ့တဲ့ ကျွန်တော့်အသင်းဖော်တွေကိုတော့ ကျွန်တော် ဂုဏ်ပြုမိတယ်။ ဒါပေမယ့် တချို့အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပြီး ဂိုးလည်း သွင်းယူနိုင်ခဲ့သင့်တယ်။”

 

Photo Credit : Bola

“ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပေမယ့် ပွဲအလှည့်အပြောင်းတော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာလည်း ခမ်းနားကြီးကျယ်တဲ့ အသင်းတစ်သင်း ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာပါ ဂိုးတွေ အများကြီး သွင်းယူနေတယ်ဆိုတာကို ကျွန်တော်တို့ မမေ့ပါဘူး။”

“ကျွန်တော်တို့က အိုဒီဂတ်ရဲ့ ကစားဟန်တွေကို ဖျက်ဆီးဖို့အတွက် စီစဉ်ထားခဲ့တယ်။ ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာကိုလည်း သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် ကံဆိုးသွားတာက ဂိုးမသွင်းနိုင်ခဲ့တာပါ။ သူတို့အသင်းမှာလည်း ကံတရားရဲ့ ဖေးမမှု အနည်းငယ်လေးတော့ ရှိခဲ့ပါတယ်။”လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။