MySport Myanmar

ဗီလာရီးယဲလ်နဲ့ ပြန်လည်လက်တွဲတော့မယ့် လီဗာပူးလ် ဂိုးသမားဟောင်းကြီး ရိန်နာ

လီဗာပူးလ်အသင်းရဲ့ စပိန်ဂိုးသမားဟောင်းကြီး ပီပီရိန်နာကတော့ သူပါဝင်ကစားခဲ့ဖူးတဲ့ ကလပ်အသင်းဟောင်း တစ်သင်းဖြစ်တဲ့ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းဆီ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့သွားဖို့ စီစဉ်နေပြီ ဖြစ်တယ်လို့ အပြောင်းအရွှေ့သတင်းဆိုင်ရာ အကျော်အမော် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၃၉)နှစ်အရွယ်ရှိ စပိန် ဝါရင့်ဂိုးသမားကြီး ရိန်နာဟာ လက်ရှိမှာ လာဇီယိုအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရပြီဖြစ်လို့ အသင်းလက်မဲ့ ကစားသစား ဖြစ်နေပေမယ့် မကြာခင်မှာပဲ သူရဲ့ကလပ်အသင်းဟောင်း ဗီလာရီးယဲလ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ၁၉၉၅ခုနှစ်ကတည်းက ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီမှာ ဘောလုံးပညာကို သင်ကြားခဲ့ဖူးတဲ့ ရိန်နာဟာ ဘာစီလိုနာ စီနီယာအသင်းအတွက် ၂၀၀၀-၂၀၀၁ ဘောလုံးရာသီကနေ စတင်ပြီး ပွဲအရေအတွက်ပေါင်း (၄၉)ပွဲအထိ ပါဝင်ကစားခဲ့ရပါတယ်။

Photo Credit : These Football Times

၂၀၀၂ခုနှစ်မှာ ဗီလာရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ရိန်နာဟာ အသင်းနဲ့ (၃)ရာသီထိ ဖြတ်သန်းခဲ့ပြီး သူရဲ့ ဗီလာရီးယဲလ် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာတော့ ဘင်နီတက်ဇ်ရဲ့ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့ပြီး ဒူးဒက်ခ်ကို ကျော်ဖြတ်ကာ လီဗာပူးလ်ရဲ့ first choice ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ အက်အေဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ ဆွတ်ခူးခဲ့တဲ့ ရိန်နာဟာ အသင်းနဲ့လည်း ဘောလုံးရာသီ (၈)ရာသီအထိ ဖြတ်သန်းခဲ့ပြီး ၂၀၁၃ခုနှစ်မှာ နာပိုလီအသင်းဆီ အငှားနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ နာပိုလီနဲ့ ကိုပါအီတလီယာဖလားကို ဆွတ်ခူးခဲ့တဲ့ ရိန်နာဟာ နာပိုလီကို အပြီးသတ် မပြောင်းခဲ့ရပဲ ဘိုင်ယန်မြူးနစ်အသင်းဆီသာ ရောက်ရှိခဲ့ပြီးမှ နာပိုလီဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နာပိုလီမှာ (၃)နှစ် ပါဝင်ကစားအပြီး အေစီမီလန်အသင်းဆီ ရောက်ရှိခဲ့သလို ကြားထဲမှာလည်း အက်စတွန်ဗီလာအသင်းဆီပါ အငှားနဲ့ ရောက်လာပြီး ပရီးမီးယားလိဂ် (၁၂)ပွဲကို ကစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ လာဇီယိုအသင်းဆီ ရောက်ရှိလာခဲ့ရင်း အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းပြီးနောက်မှာ သူရဲ့ စာချုပ်က သက်တမ်းကုန်ဆုံးသွားလို့ အသင်းဟောင်း ဗီလာရီးယဲလ်ဆီ ပြန်သွားဖို့ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ ရိန်နာဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း(၃၆)ပွဲအထိ ကစားပေးခဲ့ဖူးပြီး အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုချန်ပီယံဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version