မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲကစားချိန်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား နီကိုလပ်စ်ပေပေက ပြိုင်ဘက်နောက်ခံကစားသမား အယ်လီယိုစကီးကို ခေါင်းနဲ့ဝင်တိုက်ခဲ့ပြီး ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က VAR ကနေ ပြန်လည်စစ်ဆေးကြည့်ရှုပြီးနောက်မှာ ကစားပုံကြမ်းတမ်းခဲ့တဲ့ ပေပေကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့လို့ အာဆင်နယ်ဟာ လက်ကျန်မိနစ်တွေကို ကစားသမားတစ်ယောက်လျော့နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမားပေပေဟာ လိဒ်စ်နဲ့အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်အတွင်း ပွဲကစားချိန် (၅၁)မိနစ်မှာ လိဒ်စ်နောက်ခံကစားသမား အယ်လီယိုစကီးကို ခေါင်းနဲ့ဝင်တိုက်ခဲ့တာကြောင့် ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင် အန်တိုနီတေလာက VAR ကနေ ပြန်လည်စစ်ဆေးခဲ့ပြီး မလိုအပ်ပဲနဲ့ ကြမ်းတမ်းစွာ ပြုမှုခဲ့တဲ့ ပေပေကိုလည်း တစ်ခါတည်း အနီကတ်ပြကာ ပွဲကနေ ထုတ်ပယ်သွားခဲ့ပါတယ်။ ပေပေထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ ကစားသမားတစ်ယောက်လျော့နဲ့ အာဆင်နယ်တို့ ပြိုင်ဘက်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး ဂိုးမရှိသရေနဲ့ပဲ ပွဲကို အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Metro

ပေပေအနေနဲ့ လိဒ်စ်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်ဟာ သူရဲ့ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းနဲ့အတူ ဒုတိယမြောက်ပွဲထွက်ကစားခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသင်းနည်းပြအာတီတာရဲ့ အခွင့်အရေးပေးမှုကို ရရှိတုန်းမှာ အကောင်းဆုံးကစားပြဖို့ ကြိုးစားခဲ့သင့်ပေမယ့် အနီကတ်ပြပြီးသာ ထုတ်ပယ်ခံခဲ့ရသလို သူထုတ်ပယ်ခံလိုက်ရလို့လည်း အာဆင်နယ်အသင်းမှာ လက်ကျန်မိနစ်(၄၀)လောက်အထိ ကစားသမား(၁၀)ယောက်တည်းနဲ့ အခက်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်ပရိသတ်များစွာက ပေပေကို အတော်လေး ဒေါသထွက်နေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်ကနေပါ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ်အများစုက ပေပေအနေနဲ့ ဦးနှောက်သုံးမှုမရှိဘူး အရမ်းကို တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ ဝေဖန်ပြစ်တင်ကြသလို ဘောလုံးပွဲသုံးသပ်သူအဖြစ်နဲ့ တာဝန်ယူဆောင်ရွှက်လို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား ဂယ်ရီနဖီးလ်ကလည်း ပေပေဟာ အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ မကစားပြနိုင်ခဲ့တဲ့အပြင် သူရဲ့အသင်းဖော်တွေအနေနဲ့ လက်ကျန်မိနစ်(၄၀)လောက်ကို ခက်ခက်ခဲခဲ ကစားရအောင်ပါ လုပ်ဆောင်ခဲ့တယ်လို့ ပြစ်တင်ပြောဆိုသွားခဲ့ပါတယ်။ ပေပေဟာ သူရဲ့အနီကတ်ပြစ်ဒဏ်ကြောင့် ဝုလ်ဗ် စပါး ဘန်လေအသင်းတွေ ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။