MySport Myanmar

တူဟယ်ရဲ့ ဘိုင်ယန်ကို ဂျာမန်မြေမှာပါ ဆုံးမဦးမယ်လို့ ကြုံးဝါးလိုက်တဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အဖြစ် ဂျာမန်မြေမှာ ကစားရမယ့် ပွဲစဉ်မှာလည်း အနိုင်ရအောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်ကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ အကောင်းဆုံးပွဲ အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Manchester City

ယနေ့မနက် အစောပိုင်းမှာတော့ မန်ချက်စတာ စီးတီးက ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး နှစ်သင်းစလုံးက ချန်ပီယံ ဖြစ်ချင်နေတာကြောင့် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြကာ အိမ်ရှင် အားသာချက် ရှိနေတဲ့ မန်ချက်စတာ စီးတီးက ပိုကောင်းတဲ့ ကစားဟန် တခုကို ပြသသွားနိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ဧည့်သည် ဘိုင်ယန်မြူးနစ်ကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့သလို အဓိက ကစားသမားတွေ ဖြစ်တဲ့ ရိုဒရီ ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် နောက်တဆင့် တက်နိုင်ဖို့ အတွက် ဒုတိယအကျော့မှာ အနိမ့်ဆုံး သရေရလဒ် ရအောင် ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်တော့မှာပါ။

 

Photo Credit: Goal

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက သူတို့အသင်းဟာ ဒုတိယအကျော့မှာလည်း ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားဖို့ ရည်ရွယ်ထားကြောင်း မန်ချက်စတာ စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်လို အသင်းကောင်း တသင်းကို ဂိုးပြတ် အနိုင်ရခဲ့လို့ ပျော်မိပါတယ်။ ဒီနေ့ပွဲရဲ့ ၅၅မိနစ်နဲ့ ၆၀မိနစ် ကြားထဲမှာ ပွဲရဲ့ ချိန်ခွင်လျှာက အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုး အထိ ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ကျွန်တော်တို့ထက် ပိုကောင်းခဲ့တဲ့ အခိုက်အတန့်တွေလည်း အများကြီး ရှိနေပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က ဒုတိယပိုင်းမှာ အပြောင်းအလဲ တချို့ လုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ပြောင်းလဲမှုတွေကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဘောလုံးရှိနေတဲ့ အချိန်တိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်က ရလဒ်အတွက် ပျော်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က မြူးနစ်မှာ ၃နှစ် အထိ နေခဲ့ဖူးတော့ ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဓာတ်ပိုင်း မာကျောမှုနဲ့ သူတို့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သိပါတယ်။ ကျွန်တော်တို့က ကောင်းမွန်တဲ့ ရလဒ်တခု ရခဲ့ပေမယ့် ကစားဖို့ ဒုတိယအကျော့ ကျန်နေပါသေးတယ်။ ကစားသမားတွေကလည်း ဒါကို သိကြပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်ဟာ အရမ်းကို ခက်ခဲမယ် ဆိုတာကို ကစားသမားတွေဆီ ပြောစရာ လိုမယ် မထင်ပါဘူး။ ဘိုင်ယန်က အသင်းကောင်း တသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒုတိယအကျော့မှာ သူတို့ထက် ပိုကောင်းအောင် ကစားမယ်။ ပြီးတော့ သူတို့ကို အနိုင်ယူပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version