MySport Myanmar

လီဗာပူးလ်ဆီ ဒီဘရိုင်း ပြောင်းသွားရင်တောင် အကောင်းဆုံးပဲ ဖြစ်စေချင်တယ်လို့ ပက်ပ် ဖွင့်ဟ

ရာသီကုန်မှာ မန်စီးတီးအသင်းကနေ စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာတော့မယ့် ဘယ်လ်ဂျီယံကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းကို လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီဘရိုင်းနဲ့ သူ့မိသားစုအတွက် အကောင်းဆုံးကိုသာ လိုလားပြီး ပြည်တွင်း ပြိုင်ဘက်တစ်သင်းဆီ ပြောင်းရွှေ့သွားရင်တောင်မှ ဒီဆန္ဒအတိုင်းပဲ ရှိနေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ပွဲပေါင်း(၄၀၀)ကျော် ကစားခဲ့ပြီး ဂိုးပေါင်း(၁၀၈)ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု(၁၇၇)ကြိမ် ပြုလုပ်ထားနိုင်သူ ဖြစ်ပါတယ်။ သူရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်ထဲက (၂)ကြိမ်ကို လီဗာပူးလ်အသင်းနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူပြီးမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခု အသက်(၃၄)နှစ် ပြည့်တော့မယ့်အချိန်မှာတော့ ဒီဘရိုင်းဟာ အီတီဟတ်ကွင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာထားပြီး ဖြစ်ပါတယ်။

Photo Credit : Premier League

လီဗာပူးလ်အခြေစိုက် Liverpool Echo သတင်းရဲ့ ဖော်ပြချက်အရတော့ လီဗာပူးလ်ဟာ သူတို့ရဲ့နှစ်ရှည်ပြိုင်ဘက်ဖြစ်တဲ့ ဒီဘရိုင်းနားအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးမှ ပြုလုပ်ထားခြင်း မရှိသေးဘဲ သူတို့ရဲ့ ကစားသမား ရှာဖွေရေးအဖွဲ့ဟာ နည်းပြသစ် အာနယ် ဆလော့ရဲ့ လူစာရင်းကို အားဖြည့်ဖို့ တခြားပစ်မှတ်တွေကိုသာ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားကိုယ်တိုင်က အင်္ဂလန်ထိပ်တန်းကလပ်တစ်ခုမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနိုင်ခြေကို ပယ်ချထားခြင်းမရှိတာကြောင့် ဒီလို အပြောင်းအရွှေ့ ကောလာဟလတွေ ထွက်ပေါ်နေရတာ ဖြစ်ပါတယ်။

ဒီဘရိုင်းနား ပြိုင်ဘက်ကလပ်တစ်ခုဆီ ပြောင်းရွှေ့နိုင်ခြေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂွါဒီယိုလာက “ကျွန်တော်မသိပါဘူး။ ကျွန်တော်ကတော့ ကီဗင်နဲ့ သူ့မိသားစုအတွက် အကောင်းဆုံးကိုပဲ လိုလားပါတယ် – အကောင်းဆုံးပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့ ဒီဘရိုင်းဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် လီဗာပူးလ်နဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိသူ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်အစောပိုင်းက ဂျန့်ခ်လူငယ်အသင်းမှာ ကစားနေတဲ့ (၁၁)နှစ်အရွယ် ဒီဘရိုင်းနားရဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ လီဗာပူးလ်ဟာ သူ့ရဲ့ငယ်ဘဝကတည်းက အားပေးတဲ့အသင်းဖြစ်ကြောင်း ဖွင့်ဟပြောခဲ့ဖူးတဲ့ သာဓကလည်း ရှိခဲ့ပါတယ်။

Photo Credit : Football365

လတ်တလောမှာတော့ အက်စတွန် ဗီလာအသင်းကလည်း ဒီဘရိုင်းနားရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက်ပေါ်နေတဲ့ ခန့်မှန်းချက်တွေအရတော့ စီးရီးအေထိပ်သီး နာပိုလီအသင်းဆီ ပြောင်းရွှေ့နိုင်ခြေက ပိုများနေပြီး နာပိုလီက ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

တကယ်လို့ ဒီအသင်းများနဲ့ အဆင်မပြေခဲ့ပါက အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားအသင်း ဒါမှမဟုတ် ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေကလည်း ဒီဘရိုင်းအတွက် နောက်ထပ်ရွေးချယ်စရာများ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

Exit mobile version