MySport Myanmar

မန်စီးတီးက ဘိုင်ယန်ကို ကံကောင်းလို့သာ သရေကစားနိုင်ခဲ့တာပါ ဆိုတဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ သူတို့အသင်းဟာ ကံကောင်းလို့သာ ဘိုင်ယန်မြူးနစ်ကို မရှုံးခဲ့တာလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေကြတဲ့ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ပထမအကျော့ အဖြစ် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက ဘိုင်ယန်မြူးနစ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Squawka

ဒါကြောင့် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီးကို အနိမ့်ဆုံး ၃ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ဖို့ လိုအပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က ပွဲစတင်တာနဲ့ မန်ချက်စတာ စီးတီးဘက်ကို တရစပ် တိုက်စစ်ဆင်ကာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ပထမအကျော့မှာ ဂိုးပြတ် အနိုင်ရထားတဲ့ မန်ချက်စတာ စီးတီးကတော့ အနိမ့်ဆုံး သရေရအောင် ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် ဂျာမန်မြေမှာ မန်ချက်စတာ စီးတီးက ခံစစ်ကိုသာ အဓိက ဦးစားပေး ကစားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဘိုင်ယန်မြူးနစ် ၁-၁ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ဂိုးကန်သွင်းခွင့် အမြောက်အမြား ရခဲ့ပြီး ဘိုင်ယန်ရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဆာနေး ၊ ချူပိုမိုတင် ၊ ကိုးမန်းတို့က အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့်သာ ဧည့်သည် မန်ချက်စတာ စီးတီးတို့ သက်သာရာ ရခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးကို ကွင်းလယ်လူ ကင်းမစ်ချ်က ပင်နယ်တီ ကနေ တဆင့် သွင်းပေးခဲ့တာ ဖြစ်ကာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးကိုတော့ အဓိက တိုက်စစ်မှူး ဟာလန်းက သွင်းယူပေးခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်ရဲ့ ပထမပိုင်း ကစားဟန်ကို ချီးကျူးသွားခဲ့ပြီး သူတို့အသင်းဟာ ကံကောင်းလို့သာ မရှုံးခဲ့တာ ဖြစ်ကြောင်း ဆိုလာပါတယ်။ ဂွာဒီယိုလာက – “ဒီပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့တွေ ရုန်းကန်ခဲ့ရပါတယ်။ အူပါမီကာနိုက ကျွန်တော်တို့ရဲ့ ဘယ်ဘက်ခြမ်းကို တောက်လျှောက် ဖျက်ဆီးခဲ့သလို ကျွန်တော်တို့က ကိုးမန်းကိုလည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်း ပင်နယ်တီ မရခင် အချိန်အတွင်းမှာ အတော်လေး ကံကောင်းခဲ့တယ်လို့ ပြောရပါမယ်။ သူတို့က ဂိုးသွင်းနိုင်ဖို့ အတွက် အခွင့်အရေးကောင်း ၁ကြိမ် ၊ ၂ကြိမ်လောက် အထိ ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာသာ ဂိုးတွေ ပေးခဲ့ရရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း သူတို့ရဲ့ အခွင့်အရေးတွေကို ကောင်းကောင်းကြီး ခုခံ တားဆီးနိုင်ခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version