MySport Myanmar

ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နေလို့ ကွန်မြူနတီဒိုင်းကို လျှော်ပေးခဲ့တာ ဆိုတဲ့ ဂွာဒီယိုလာ

ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား စတဲ့ ဖလားသုံးလုံးရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နေလို့ ကွန်မြူနတီဒိုင်းပွဲမှာ လျှော်ပေးခဲ့တာလို့ ယမန်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ကွန်မြူနတီဒိုင်းလုပွဲ အဖြစ် ပြီးခဲ့တဲ့ရာသီမှာ သူတို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယှဉ်လုခဲ့တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Sports Brief

ကွန်မြူနတီဒိုင်းလုပွဲမှာ မန်ချက်စတာ စီးတီးက ကစားသမားသစ် ကိုဗာချစ်ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုခဲ့သလို အာဆင်နယ်ကလည်း ကစားသမားသစ်တွေ ဖြစ်တဲ့ ကိုင် ဟားဗက်ဇ် ၊ ဒီကလန်ရိုက်စ်နဲ့ တင်းဘားတို့ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုခဲ့ပြီး ကစားသမားသစ် ၄ယောက်မှာ ခြေစွမ်းပိုင်းအရ အားရစရာ အကောင်းဆုံး ကစားသမားကတော့ တင်းဘားပဲ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက များစွာ ကွာခြားခဲ့ခြင်း မရှိသလို သူတပြန် ကိုယ်တပြန်နဲ့ တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပြီး မန်ချက်စတာ စီးတီးက လူစားဝင် လူငယ်ကြယ်ပွင့် ပယ်လ်မာရဲ့ လှပတဲ့ ဝေ့ဝိုက်ကန်ချက်နဲ့ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ လူစားဝင် ကစားသမား ထရော့ဆက်ကလည်း ပွဲပြီးဖို့ ၁မိနစ်စွန်းစွန်းသာ လိုအပ်တော့ချိန်မှာ အပြင်းကန်ချက်နဲ့အတူ အာဆင်နယ်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Al Jezeera

သာမန်ပွဲကစားချိန် အတွင်း သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ မန်ချက်စတာ စီးတီးဘက်က အသင်းခေါင်းဆောင် ဒီဘရိုင်းနဲ့ ရိုဒရီတို့ ပင်နယ်တီ လွဲခဲ့ပြီး အာဆင်နယ်ရဲ့ ကစားသမားတွေ အကုန်လုံးက ပင်နယ်တီ ဝင်အောင် ကန်နိုင်ခဲ့တာကြောင့် အာဆင်နယ်ဟာ ရာသီသစ်ရဲ့ ပထမဦးဆုံး ဆုဖလား အဖြစ် ကွန်မြူနတီဒိုင်းကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

နောက်ဆုံးမိနစ် ချေပဂိုးနဲ့ ပင်နယ်တီ လွဲချော်မှုတွေကြောင့် ကွန်မြူနတီဒိုင်းကို လက်လွှတ်ခဲ့ရပေမယ့် မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ ကွန်မြူနတီဒိုင်း မရခဲ့တဲ့ နှစ်တိုင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နေလို့ ကွန်မြူနတီဒိုင်းကို မယူခဲ့တာလို့ ပြောလာခဲ့ပါတယ်။ ဂွာဒီယိုလာက – “ကျွန်တော်တို့အသင်းက ကွန်မြူနတီဒိုင်းပွဲတွေမှာ ရှုံးတာ ၃နှစ်ဆက် ရှိနေပါပြီ။ ဘာလို့ အဲ့ဒီလို ရှုံးတာလဲ ဆိုတာ ခင်ဗျား (သတင်းထောက်) သိလား။ ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားလို့လေ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version