ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ပွဲစဉ်(၃၀) အဖြစ် ယမန်နေ့ညမှာ ချန်ပီယံလုဘက် အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ထပ် ချန်ပီယံလုဘက် ဖြစ်တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို ရဖို့ အခြေအနေ ကောင်းသွားပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ၃နှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ယာဂင် ကလော့ပ်ရဲ့ လီဗာပူး ၊ အာတီတာရဲ့ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေရသလို ချန်ပီယံဆုကို ရဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။

Photo Credit: BBC

ယမန်နေ့ညမှာတော့ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးနဲ့ အာတီတာရဲ့ အာဆင်နယ်တို့က မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ချန်ပီယံဆု အတွက် အမှားခံလို့ မရတော့တဲ့ ပွဲမျိုး ဖြစ်တာကြောင့် နှစ်သင်းစလုံးက အနိုင်ရလဒ် ရရှိရေးထက် မရှုံးနိမ့်အောင်ပဲ အာရုံစိုက် ကစားခဲ့ကြပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်က ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံးက ရမှတ် ၁မှတ်စီသာ ရခဲ့တာကြောင့် ယာဂင် ကလော့ပ်ရဲ့ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရသွားကာ လက်ရှိမှာ လီဗာပူးက ရမှတ် ၆၇မှတ်နဲ့ အဆင့်(၁) ၊ အာဆင်နယ်က ရမှတ် ၆၅မှတ်နဲ့ အဆင့်(၂) ၊ မန်ချက်စတာ စီးတီးက ရမှတ် ၆၄မှတ်နဲ့ အဆင့်(၃) စသဖြင့် အသီးသီး ရပ်တည်နေပါတယ်။

Photo Credit: Football 365

မန်ချက်စတာ စီးတီးက အဆင့်(၁)မှာ ရှိတဲ့ လီဗာပူးထက် ရမှတ် ၃မှတ် လျော့နည်းနေသလို ဂိုးကွာခြားချက်ကလည်း မယှဉ်နိုင်သေးတာကြောင့် စီးတီးဟာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ခဲယဉ်းနေပြီး ဂွာဒီယိုလာကလည်း အာဆင်နယ်ကို သရေရလဒ်သာ ရအောင် ကစားနိုင်ပြီးနောက် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အတော်လေး နီးစပ်သွားပြီလို့ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဒါပေါ့။ အခုချိန်မှာ အဆင့်(၁)ကို ရောက်နေတဲ့အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းပါပဲ။ အာဆင်နယ်က ဒုတိယ ရေပန်းအစားဆုံးအသင်း ဖြစ်ပြီး ကျွန်တော်တို့ကတော့ တတိယမြောက်ပေါ့။ ချန်ပီယံဖြစ်ခွင့်က ကျွန်တော်တို့ရဲ့ လက်ထဲမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အခုချိန်မှာ လုပ်နိုင်တဲ့ တခုထဲသော အရာက ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် ဗီလာနဲ့ပွဲ အတွက် စဉ်းစားဖို့ပါပဲ။ ခင်ဗျားက အဆင့်(၁)နေရာကို ရောက်နေရင် ချန်ပီယံဆုကို ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။