ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ လီဗာပူးဟာ ခြေစွမ်းမကောင်းသေးပေမယ့် သူတို့အသင်းရဲ့ အဓိက ချန်ပီယံလုဘက် အဖြစ် ရှိနေဆဲပါလို့ လီဗာပူးနဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် နောက်ဆုံးအချိန် အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးက အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မာနေးကို ဆုံးရှုံးလိုက်ရမှုနဲ့အတူ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးကတော့ နော်ဝေဂိုးသွင်းစက် အာလင်း ဟာလန်းကို အမိအရ ခေါ်ယူနိုင်ခဲ့မှုကြောင့် တိုက်စစ်ပိုင်းမှာ ပိုမို အင်အားကောင်းလာသလို ကစားခဲ့တဲ့ ပွဲတွေမှာလည်း ပြိုင်ဘက်တိုင်းကို ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲတိုင်းမှာလည်း သွင်းဂိုးတွေ များစွာ သွင်းယူနိုင်လေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာ စီးတီးကပဲ ရရှိသွားဖို့ အခွင့်အလမ်း များနေပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကတော့ လက်ရှိမှာ ခြေစွမ်းတည်ငြိမ်မှု အားနည်းနေတဲ့ လီဗာပူးကို လျှော့မတွက်ထားပဲ လီဗာပူးဟာ သူတို့အသင်း အတွက် အကြီးမားဆုံး ပြိုင်ဘက် အဖြစ် ရှိနေဆဲပါလို့ ဆိုလာပါတယ်။

Photo Credit: Goal

ဂွာဒီယိုလာက – “လီဗာပူးက အမြဲတမ်း မန်ချက်စတာ စီးတီးရဲ့ အကြီးမားဆုံး ချန်ပီယံလုဘက်ပါပဲ။ ကျွန်တော်က သူတို့အသင်းမှာ ဘယ်လို အရည်အသွေးမျိုးတွေ ရှိလဲ ဆိုတာ သိပါတယ်။ တကယ်လို့ ရာသီကုန်ဖို့ ၁၀ပွဲလောက်ပဲ လိုတော့ချိန်မှာ အခုလို ရမှတ်တွေ ပြတ်နေမယ် ဆိုရင် သူတို့က ကျွန်တော်တို့ကို လိုက်မမှီနိုင်ဘူးလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုကတော့ ဘာမဆို ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ အတွက် လီဗာပူးကို ရင်ဆိုင်ရတဲ့ ပွဲတိုင်းဟာ ခက်ခဲတဲ့ ပွဲတွေချည်းပါပဲ။ ဒါကြောင့် ဒီပွဲကလည်း ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။