ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၅ဂိုး အထိ သွင်းယူပေးခဲ့တဲ့ အာလင်း ဟာလန်းဟာ သူ့ရဲ့ တပည့်ဟောင်း လီယွန်နယ် မက်ဆီရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်သူ ဖြစ်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် လိုက်ပ်ဇစ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဟာလန်း ၊ ဂန်ဒိုဂန်နဲ့ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေကြောင့် ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီး ၇-၀ လိုက်ပ်ဇစ် ပွဲစဉ်မှာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ထူးရှယ် ခြေစွမ်းကောင်း တရပ်ကို ပြသနိုင်ခဲ့ပြီး ဟာလန်းက အသင်းအတွက် သွင်းဂိုး ၅ဂိုးကို ပွဲချိန် မိနစ် ၆၀ မပြည့်ခင်မှာပဲ သွင်းယူပေးနိုင်ခဲ့သလို သူဟာ မက်ဆီ ၊ အက်ဒီယာနိုတို့နဲ့ အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တပွဲထဲနဲ့ သွင်းဂိုး ၅ဂိုး ပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဟာလန်းက ပွဲချိန် မိနစ် ၆၀ မပြည့်ခင်မှာတင် သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီနဲ့ အက်ဒီယာနိုတို့ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မယ့် အလားအလာတွေ ပိုင်ဆိုင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက သူ့ကို ပွဲချိန် ၆၃မိနစ်မှာတင် ဂျူလီယန် အယ်ဗာရက်ဇ်နဲ့ လူစားလဲခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဟာလန်းက ပွဲပြီးဆုံးချိန်မှာ ဂွာဒီယိုလာသာ သူ့ကို မတားခဲ့ရင် နောက်ထပ် သွင်းဂိုး ၁ဂိုး ထပ်သွင်းနိုင်ဦးမယ်လို့ ထင်ကြောင်း ရယ်လျက် ပြောကြားသွားခဲ့ပြီး ဂွာဒီယိုလာကတော့ ဟာလန်းဟာ ပွဲချိန် မိနစ် ၅၀ကျော်မှာတင် သွင်းဂိုး ၅ဂိုး ပြည့်ခဲ့တာကြောင့် မက်ဆီထက် ပိုကောင်းတဲ့ မှတ်တမ်း တရပ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဟာလန်းဟာ မက်ဆီရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်စွမ်း ရှိကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “ဟာလန်းက မက်ဆီရဲ့ စံချိန်ကို လိုက်မှီခဲ့ပါတယ်။ ဒါပေမယ့် သူက ပွဲချိန် မိနစ် ၆၀မှာတင် သွင်းဂိုး ၅ဂိုး ပြည့်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ စံချိန်က ပိုကောင်းပါတယ်။ သူသာ မိနစ် ၉၀ အပြည့် ကစားခဲ့ရင် စံချိန်သစ် တင်နိုင်မလားတောင် မသိပါဘူး။ ဟာလန်းက ငယ်ပါသေးတယ်။ ဒါကြောင့် သူက ဒီလို ဆာလောင်မှုမျိုးကို ဆက်ထိန်းပြီး မက်ဆီရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်သင့်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။