ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန်ကနေ သူတို့အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အထောင်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဘယ်နေရာမှာမဆို ခြေစွမ်းပြ ကစားနိုင်သူ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

အထောင်တိုက်စစ်မှူး အဖြစ် ကစားလေ့ ရှိတဲ့ အာလင်း ဟာလန်းက ဂျာမန်မြေ ကနေ အင်္ဂလန်မြေဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် ချက်ချင်းဆိုသလို အသင်းနဲ့ အထိုင်ကျခဲ့ပြီး သူဟာ မန်ချက်စတာ စီးတီး အတွက် ဒီရာသီမှာ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အာလင်း ဟာလန်းက မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေ တရစပ် သွင်းယူပေးထားနိုင်ပေမယ့် သူ့ရဲ့ ကွဲပြားနေတဲ့ ကစားဟန်ကြောင့် မန်ချက်စတာ စီးတီးရဲ့ ကစားကွက်နဲ့ မလိုက်ဖက်ဘူး ဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရသူ ဖြစ်ပြီး မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ဟာလန်းဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းနဲ့မဆို အံဝင်အောင် ကစားနိုင်သူ ဖြစ်ကြောင်း ပြောကြားရင်း ဟာလန်းအပေါ် ဝေဖန်မှုတွေအား ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “ဟာလန်းက အင်္ဂလန် ၊ ဂျာမဏီ ၊ စပိန် ၊ အီတလီ ၊ နော်ဝေ ၊ ကွန်ဂို စတဲ့ နိုင်ငံပေါင်းစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားပါ။ သူက ဘယ်အသင်းမှာမဆို ကစားနိုင်ပါတယ်။ သူ့လို ထိပ်တန်း ကစားသမားမျိုးက ဘယ်အသင်းနဲ့မဆို အံဝင်အောင် ကစားနိုင်ပါတယ်။ သူက အာဖရိကတိုက်နဲ့ တောင်အမေရိကတိုက်ဆီ သွားပြီး ကစားရင်လည်း ပြဿနာ ရှိမယ် မထင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။