ပူပူနွေးနွေး ကမ္ဘာ့ကလပ်ဖလား ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲမှာ ဖလူမင်နိစ်ကို ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ၈နှစ်ကြာ ကြိုးစားခဲ့ရမှုရဲ့ အသီးအပွင့် အဖြစ် ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို ရယူနိုင်ခဲ့ပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ တောင်အမေရိကတိုက် ချန်ပီယံ ဖလူမင်နိစ်တို့က ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ချက်စတာ စီးတီးက အယ်ဗာရက်ဇ် ၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: ESPN

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ကမ္ဘာ့ကလပ်ဖလားကို သိမ်းပိုက် ရယူနိုင်ခဲ့သလို အင်္ဂလန်နိုင်ငံမှာ ရနိုင်တဲ့ ဆုဖလားတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းတွေထဲက တသင်း ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာကတော့ ကမ္ဘာ့ကလပ်ဖလားကို မန်ချက်စတာ စီးတီးနဲ့ ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် သူရယ် ၊ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေရယ် စုပေါင်းပြီး ၈နှစ်ကြာအောင် ကြိုးစားခဲ့ရမှုရဲ့ အသီးအပွင့်ကို ခံစားရပြီလို့ ကြွေးကြော်သွားပါတယ်။

Photo Credit: MEN

ဂွာဒီယိုလာက – “ဒီလိုအောင်မြင်မှုတွေ ရဖို့ ကျွန်တော်တို့က ၈နှစ်ကြာအောင် ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့က ရနိုင်သမျှ ဆုဖလားတွေ အားလုံး ရယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် အလုပ်ပြီးသွားပြီလို့တောင် ခံစားနေရပါတယ်။ ဒီ၈နှစ်တာ အတွင်းမှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားတွေ ရတယ်။ ကာရာဘောင်းဖလားတွေ ရတယ်။ အခြား ဖလားတွေ အများကြီး ရတယ်။ တကယ်ကို မယုံနိုင်စရာ အောင်မြင်မှုကြီးပါ။ ဒီနေ့ ကျွန်တော်တို့က လေယာဉ်ပျံပေါ်မှာ အောင်ပွဲခံမယ်။ မနက်ဖြန်မှာ အနားယူမယ်။ ပြီးရင် လာမယ့်ပွဲတွေ အတွက် ပြင်ဆင်ပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက ၂၀၁၆ခုနှစ် ကနေ စပြီး မန်ချက်စတာ စီးတီးကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး သူက ၈နှစ်တာ အတွင်းမှာ မန်ချက်စတာ စီးတီး အတွက် ကမ္ဘာ့ကလပ်ဖလား ၁လုံး ၊ ချန်ပီယံလိဂ်ဖလား ၁လုံး ၊ ဥရောပ စူပါဖလား ၁လုံး ၊ ပရီးမီးယားလိဂ်ဖလား ၅လုံး ၊ ကာရာဘောင်းဖလား ၄လုံး ၊ အက်ဖ်အေဖလား ၂လုံး ၊ ကွန်မြူနတီဒိုင်း ၂လုံး စုစုပေါင်း ဆုဖလား ၁၆လုံး အထိ ရယူပေးခဲ့ပါတယ်။