MySport Myanmar

လိုက်ပ်ဇစ်ကို အနိုင်ရပြီးနောက် အာဆင်နယ်ကို ရင်ဆိုင်ဖို့ ပြင်နေပြီ ဆိုတဲ့ ပပ်

ချန်ပီယံလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အုပ်စု ဒုတိယပွဲမှာ ဂျာမန် အင်အားကြီးကလပ် လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ နောက်ကျအနိုင်ဂိုးတွေနဲ့ အနိုင်ရရှိကာ အုပ်စုကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုက်ပ်ဇစ် ၊ ယန်းဘွိုင်းစ် ၊ ကာဗီနာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေတာပါ။

Photo Credit: Sky Sports

ယနေ့မနက် အစောပိုင်းမှာ လိုက်ပ်ဇစ်နဲ့ မန်ချက်စတာ စီးတီးတို့က အုပ်စု ဒုတိယပွဲ အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဒီပွဲမှာ အနိုင်ရတဲ့အသင်းက အုပ်စုဗိုလ်ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများသွားမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးက နိုင်ပွဲရရေး အတွက် အားသွန်ခွန်စိုက် ကြိုးစား ကစားသွားခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး ပွဲရဲ့ အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၅မိနစ်မှာ ဖိုဒန်က စတင် သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၄၈မိနစ်မှာတော့ အိုပန်ဒါက အိမ်ရှင်တို့အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Manchester City

တဖက် တဂိုးစီ သရေရလဒ် ဖြစ်သွားပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိဖို့ အားသွန်ခွန်စိုက် ကြိုးစား ကစားခဲ့ကြပြီး ပွဲချိန် ၈၄မိနစ်နဲ့ ၉၂မိနစ်တွေမှာ စီးတီးရဲ့ လူစားဝင် ကစားသမားတွေ ဖြစ်ကြတဲ့ အယ်ဗာရက်ဇ်နဲ့ ဒိုကူတို့က စီးတီးအတွက် အဖိုးတန် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့တာကြောင့် မန်ချက်စတာ စီးတီးက အဝေးကွင်းမှာ အနိုင် ၃မှတ်ကို အပြည့်အဝ ရယူနိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ် ၁-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ စီးတီးပဲ့ကိုင်ရှင် ဂွာဒီယိုလာက သူဟာ သူ့ရဲ့ ကစားသမားတွေကို အပြည့်အဝ ယုံကြည်ကြောင်းနဲ့ လိုက်ပ်ဇစ်ကို အနိုင်ရခဲ့လို့ အနားယူမှာ မဟုတ်ပဲ အာဆင်နယ်နဲ့ ကစားရမယ့်ပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်တော့မယ်လို့ ဆိုလာပါတယ်။ ဂွာဒီယိုလာ​က – “ကျွန်တော်က ကစားသမားတွေကို သံသယ ဝင်ခဲ့မယ်လို့ ထင်နေရင် ခင်ဗျားတို့ မှားနေပါပြီ။ ကျွန်တော့်ရဲ့ ကောင်လေးတွေကို အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒီနေ့မှာလည်း သူတို့က ကျွန်တော့်ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြပြီးပါပြီ။ အခုတော့ ကျွန်တော်တို့တွေက အာဆင်နယ်နဲ့ပွဲ အတွက် ပြင်ဆင်ပါတော့မယ်။ ကောင်လေးတွေကိုတော့ အနားယူခိုင်းထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version