MySport Myanmar

ဟာလန်းက ကစားသမားဘဝ နောက်ဆုံးနေ့ အထိ ဂိုးသွင်းမယ့်သူလို့ ဂွာဒီယိုလာ ချီးကျူး

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယန်းဘွိုင်းစ် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၂ဂိုးကို သွင်းယူပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ သူ့ဘဝရဲ့ နောက်ဆုံးနေ့တွေ ရောက်သွားရင်တောင် ဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူးမျိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ယန်းဘွိုင်းစ် ၊ လိုက်ပ်ဇစ် ၊ ဘီယိုဂရက် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုအဖွင့်ပွဲ ၂ပွဲမှာ လိုက်ပ်ဇစ်နဲ့ ဘီယိုဂရက်တို့ကို အနိုင်ရရှိခဲ့သလို ယနေ့မနက်မှာလည်း ယန်းဘွိုင်းစ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

Photo Credit: Manchester Evening News

ယန်းဘွိုင်းစ်နဲ့ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ ဂွာဒီယိုလာက ဟာလန်းကို ဂရီးလစ်ရှ် ၊ ဒိုကူ ၊ နူနက်စ် ၊ ကိုဗာချစ် စတဲ့ အရန်ကစားသမားတွေနဲ့ တွဲဖက်ကာ ပွဲထုတ်ခဲ့ပြီး အိမ်ရှင် ယန်းဘွိုင်းစ်ကတော့ အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ စီးတီးဆီကနေ သရေတမှတ် ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

အရန်ကစားသမား အများစုကို အသုံးပြုခဲ့ပေမယ့် ကစားသမားတွေ ကြားထဲမှာ အရည်အသွေး ကွာဟချက် ကြီးမားတာကြောင့် မန်ချက်စတာ စီးတီးက ပွဲစပွဲဆုံး ယန်းဘွိုင်းစ်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး စီးတီးအတွက် သွင်းဂိုးတွေကို ပွဲချိန် ၄၈မိနစ်မှာ အကန်ဂျီ ၊ ပွဲချိန် ၆၇မိနစ်နဲ့ ၈၆မိနစ်တွေမှာ ဟာလန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြကာ ယန်းဘွိုင်းစ် အတွက် တလုံးထဲသော ချေပဂိုးကို ပွဲချိန် ၅၂မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား အီလီယာက သွင်းပေးခဲ့တာပါ။

Photo Credit: Sky Sports

ယန်းဘွိုင်းစ် ၁-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ ဂွာဒီယိုလာက အသင်းအတွက် အနိုင်ဂိုး ၂ဂိုး သွင်းယူပေးခဲ့တဲ့ အာလင်း ဟာလန်းကို ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာက – “လူတွေဟာ အာလင်း ဟာလန်းကို ပွဲတိုင်းမှာ ၄ဂိုး သွင်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပြီးတော့ သူတို့က ဟာလန်း တယောက် ကျရှုံးမှာကို မြင်ချင်ကြပါတယ်။ ကျွန်တော်က အဲ့ဒီလူတွေကို တောင်းပန်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာလန်းဟာ သူ့ဘဝ တလျှောက်လုံး သွင်းဂိုးတွေ သွင်းယူသွားမယ့် တိုက်စစ်မှူးပါ။ သူက ပြိုင်ဘက်တိုင်း အတွက်  အားကောင်းတဲ့ ခြိမ်းခြောက်မှု တခုပါ။ တိုက်စစ်မှူးတိုင်းက အခွင့်အရေးတွေ ရဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမားတိုင်းက ဂန်ဒိုဂန်နဲ့ ဒီဘရိုင်းတို့လို အံ့မခန်း ပေးပို့မှုတွေ လုပ်နိုင်တဲ့ အရည်အချင်းမျိုးတွေ လိုပါတယ်။ ဟာလန်းက ကစားသမား ဘဝရဲ့ နောက်ဆုံးနေ့ အထိ ဂိုးသွင်းနိုင်မယ့် တိုက်စစ်မှူးပါ” လို့ ဟာလန်းကို ချီးကျူးသွားခဲ့တာပါ။

Exit mobile version