ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ်ဟာ ရပ်တန့်လို့ မရအောင် ကောင်းနေပြီလို့ ပွဲအပြီးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် ဒီရာသီမှာ ရလဒ်ကောင်းတွေ ရထားတဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပါတယ်။

Photo Credit: Standard

မန်ချက်စတာ စီးတီးက အဓိက ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို ဆုံးရှုံးထားရတာကြောင့် ဂွာဒီယိုလာက အယ်ဗာရက်ဇ်ကို နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ် စတဲ့ နှစ်နေရာစလုံးမှာ သင့်တော်သလို ကစားဖို့ စေခိုင်းခဲ့ပြီး အယ်ဗာရက်ဇ်ကလည်း သူ့ရဲ့ နေရာအသစ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဝက်စ်ဟမ်းက ပွဲချိန် ၃၆မိနစ်မှာ သွင်းယူခဲ့တဲ့ ဝက်ပရော့စ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးက တပွဲလုံး တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပွဲချိန် ၄၆မိနစ်မှာပဲ ကစားသမားသစ် ဒိုကူက စီးတီး အတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ပွဲချိန် ၇၆မိနစ်မှာ ဘာနာဒို ဆေးလ်ဗားက စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၆မိနစ်မှာတော့ ဟာလန်းက စီးတီးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူလီယန် အယ်ဗာရက်ဇ်က စီးတီးအတွက် သွင်းဂိုးတွေ သွင်းနိုင်ခဲ့ခြင်း မရှိပေမယ့် အရေးပါတဲ့ သွင်းဂိုး ၂ဂိုး ဖြစ်တဲ့ ဒိုကူနဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးနည်းပြချုပ် ဂွာဒီယိုလာက ပွဲပြီးအင်တာဗျူးမှာ အယ်ဗာရက်ဇ်ဟာ ကြံ့ခိုင်မှု မပြည့်ဝတာတောင် ရပ်တန့်လို့ မရတဲ့ ကစားသမား ဖြစ်ခဲ့တယ်လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက – “အယ်ဗာရက်ဇ်က ဘိုလီးဗီယား ကနေ ပြန်လာတဲ့ အချိန်မှာ ခြေထောက်တွေ အတော်လေး ညောင်းနေခဲ့တယ်လို့ ပြောပါတယ်။ သူက အတော်လေး ပင်ပန်းနေခဲ့တာပါ။ မနေ့ညမှာတော့ သူက အဆင်ပြေနေပြီလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ သူက လူကပ်ခံထားရတဲ့ အချိန်မှာတောင် ဘယ်လို နေရာယူရမလဲ ဆိုတာ ကောင်းကောင်း သင်ယူနိုင်ခဲ့ပါတယ်။ သူက ဂိုးတွေ သွင်းနိုင်သလို ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။ သူ့ရဲ့ လုပ်အားနှုန်းကလည်း ကောင်းပါတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ သူတို့ကို ခေါ်နိုင်ခဲ့တဲ့ အတွက် အတော်လေး ပျော်မိပါတယ်။ ဂန်ဒိုဂန် ထွက်သွားတဲ့အချိန် ၊ ဒီဘရိုင်းကလည်း ဒဏ်ရာရနေတဲ့ အချိန်မှာ သူက အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ အခုတော့ သူက ရပ်တန့်လို့ မရတဲ့ ကစားသမား ဖြစ်နေပါပြီ” လို့ အယ်ဗာရက်ဇ်ကို ချီးကျူးသွားခဲ့တာပါ။