ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင် ပပ် ဂွာဒီယိုလာက ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခွင့်ဟာ သူတို့အသင်းရဲ့ လက်ထဲမှာပဲ ရှိတာကြောင့် ချန်ပီယံလုဘက် အာဆင်နယ်ရဲ့ အကြောင်းကို ခေါင်းထဲ မထည့်ထားဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးနဲ့ သူ့ရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်တို့က ၂၀၂၂ခုနှစ် နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေ ဖြစ်ကြသလို ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံဆု အတွက် နောက်ဆုံးချိန် အထိ တိုက်ပွဲဝင်ခဲ့ရဖူးပါတယ်။

Photo Credit: Football 365

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယှဉ်ပြိုင်ခဲ့ရာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ဒီရာသီမှာလည်း မန်ချက်စတာ စီးတီးက အာဆင်နယ်ကို နောက်ကောက်ချပြီး ချန်ပီယံ ဖြစ်နိုင်မယ့် အခွင့်အလမ်းကို ပိုင်ဆိုင်ထားပါတယ်။

လက်ရှိမှာ အာဆင်နယ်က ရမှတ် ၈၆မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁) နေရာမှာ ရောက်နေပေမယ့် အာဆင်နယ်က ၁ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ မန်ချက်စတာ စီးတီးက ၂ပွဲ ကစားဖို့ ကျန်နေသေးပြီး လက်ကျန် ၂ပွဲစလုံးမှာ အနိုင် ကစားခဲ့မယ် ဆိုရင် မန်ချက်စတာ စီးတီးဟာ အာဆင်နယ်ကို ဒုတိယအကြိမ် အလဲထိုးကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဦးမှာပါ။

မနက်ဖြန်ညမှာတော့ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် လန်ဒန်မြို့ခံကလပ် စပါးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲမှာသာ မန်ချက်စတာ စီးတီးက သရေ (သို့) အရှုံး ရလဒ်ကို ရခဲ့မယ် ဆိုရင် ဂိုးကွာခြားချက် အသာရနေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ပိုမို အလေးသာသွားဖို့ ရှိပါတယ်။

 

 

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် စပါးကို အဝေးကွင်းမှာ မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေပြီး ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ လက်ကျန် ၂ပွဲစလုံးကို အနိုင်ကန်နိုင်ရင် ချန်ပီယံ ဖြစ်ဖို့ သေချာနေတာကြောင့် အာဆင်နယ်ကို ခေါင်းထဲ မထည့်ထားပဲ စပါးနဲ့ ဝက်စ်ဟမ်းတို့ကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာပဲ တွေးထားတယ်လို့ ဆိုလာပါတယ်။

ဂွာဒီယိုလာက – “အခုချိန်မှာ ကျွန်တော် အာရုံစိုက်နေတာက စပါး ၊ စပါး ၊ စပါး…။ ဒါပါပဲ။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရတဲ့ အသင်းတွေကပဲ ပြိုင်ဘက်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်တာပါ။ ကျွန်တော်က ယူနိုက်တက်ဟာ အာဆင်နယ်ကို အနိုင်ရဖို့ မျှော်လင့်မိလားလို့ မေးရင် မျှော်လင့်တယ်လို့ပဲ ဖြေပါမယ်။ အာဆင်နယ်က ဖူလ်ဟမ်ဟာ ကျွန်တော်တို့ကို သရေ (သို့) နိုင်အောင် ကစားနိုင်ပါစေလို့ မျှော်လင့်ခဲ့သလိုပေါ့။ ဒါက သာမန်ပါပဲ။ ခင်ဗျားက အဲ့ဒီ သဘောတရားလေးကို နားလည်ဖို့ ဉာဏ်ကောင်းနေစရာ မလိုပါဘူး။ ကျွန်တော်တို့မှာ ကစားဖို့ ၂ပွဲ ကျန်နေသေးသလို အဲ့ဒီ ၂ပွဲမှာ အနိုင်ရခဲ့ရင် ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ် ဆိုတာ သိပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့က အဲ့ဒီပွဲတွေ အကြောင်းပဲ ခေါင်းထဲ ထည့်ထားပါတယ်။ စပါး ၊ စပါး ၊ စပါး။ အဲ့ဒါပြီးရင် ဝက်စ်ဟမ်း ၊ ဝက်စ်ဟမ်း။ အဲ့ဒီပွဲ ၂ပွဲ ပြီးသွားရင်တော့ ကျွန်တော်တို့က ချန်ပီယံ ဘယ်အသင်းလဲ ဆိုတာ သိရပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။