ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် လီဗာပူးနဲ့ ကစားခဲ့ရာ ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲထဲမှာ အသင်း ၇သင်း အထိ ရှိနေသေးကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် သူတို့နဲ့ ရမှတ် ၁မှတ်သာ ကွာဟတဲ့ လီဗာပူးကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားခဲ့ရာ ၁-၁ ဆိုတဲ့ သရေရလဒ်သာ ရယူနိုင်ခဲ့တာကြောင့် ပြိုင်ဘက် အာဆင်နယ်ဆီ အဆင့်(၁)နေရာကို လွှဲပြောင်းပေးခဲ့ရပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၃)ကို ကန်ပြီးချိန်မှာ ရမှတ် ၂၉မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၂)နေရာကို ရောက်ရှိနေပြီး သူတို့ရဲ့အောက်မှာတော့ လီဗာပူးက ရမှတ် ၂၈မှတ်နဲ့ အဆင့်(၃) ၊ ၁၂ပွဲသာ ကန်ထားရသေးတဲ့ စပါးက ရမှတ် ၂၆မှတ်နဲ့ အဆင့်(၄) စသဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီးထဲက မန်ချက်စတာ စီးတီး ၊ အာဆင်နယ် ၊ လီဗာပူးနဲ့ စပါးတို့က အဆင့်(၄) အတွင်း ဝင်ရောက်ထားနိုင်ပေမယ့် အခြားအသင်း ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ထိပ်ဆုံး (၆)သင်းထဲတောင် မဝင်နိုင်သေးသလို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တဲ့ နယူးကာဆယ်ကလည်း အဆင့်(၆)နေရာမှာသာ ရှိနေပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက ဒီရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ အာဆင်နယ်နဲ့ စပါး စတဲ့ ၄သင်းကပဲ လုရလိမ့်မယ်လို့ ခန့်မှန်းနေကြတာပါ။ ဒါပေမယ့် မန်ချက်စတာ စီးတီး နည်းပြချုပ် ပပ် ဂွာဒီယိုလာကတော့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကို လျှော့မတွက်ပဲ ချန်ပီယံလုဘက်စာရင်းထဲကို ထည့်သွင်းထားပါတယ်။

ဂွာဒီယိုလာက – “သေချာပေါက် လီဗာပူးက ကျွန်တော်တို့ရဲ့ ချန်ပီယံလုဘက်ပါ။ အာဆင်နယ်ကလည်း ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ပါ။ သူတို့အသင်းက အရမ်းကို တည်ငြိမ်နေတာပါ။ ၂ပွဲ ရှုံးထားပေမယ့် စပါးကလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းထဲမှာ ပါပါတယ်။ ချယ်လ်ဆီးကလည်း ၁ပတ်မှာ ၁ပွဲပဲ ကစားနေရတော့ သူတို့ကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဒီနှစ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတွေက ၄သင်း ၊ ၅သင်း ရှိပါတယ်။ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ကလည်း ချန်ပီယံလုပွဲထဲကို ပါဝင်လာနိုင်ပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။