ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ ရောက်မှ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက မန်ချက်စတာ စီးတီးရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ပြီး သူက ဒီရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ဟာလန်းက ဒီရာသီမှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေ ဆက်တိုက် သွင်းယူပေးထားပေမယ့် ခြေထောက်ဒဏ်ရာကြောင့် ဒီဇင်ဘာလ ၇ရက်နေ့မှာ ကစားခဲ့တဲ့ ဗီလာ ၁-၀ မန်ချက်စတာ စီးတီး ပွဲစဉ်ပြီးနောက် အနားယူနေရပါတယ်။

မန်ချက်စတာ စီးတီးက ဟာလန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အသေးစိတ် ထုတ်ပြန် ကြေညာမှုတွေ မလုပ်ခဲ့တာကြောင့် ပရိသတ်တွေက ဟာလန်းဟာ ဒီညမှာ ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ ပဲလေ့စ် ပွဲစဉ်မှာ ပါဝင်လာလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာက ဟာလန်းဟာ ဒဏ်ရာကနေ ပြန်မသက်သာလာသေးကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ပြောလာခဲ့ပါတယ်။

Photo Credit: Mirror

ဟာလန်းရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက – “ဟာလန်းရဲ့ ဒဏ်ရာအတွက် စိုးရိမ်တာမျိုး မရှိပါဘူး။ သူ့ရဲ့ ခြေထောက်အရိုးက အက်သွားတာ မဟုတ်ပါဘူး။ ယောင်နေရုံပါပဲ။ အာလင်းက ကျွန်တော်တို့နဲ့အတူ ဆော်ဒီနိုင်ငံဆီ လိုက်လာဖို့တော့ မျှော်လင့်ထားပါတယ်။ ပဲလေ့စ်နဲ့ပွဲ ပြီးသွားရင်တော့ ကျွန်တော်တို့က သူ ကမ္ဘာ့ကလပ်ဖလားမှာ ကစားနိုင်မလား ဆိုတာ စစ်ဆေးပါမယ်။ သူက ပထမပွဲမှာ မပါနိုင်ရင်တောင် ဒုတိယပွဲမှာ ပါနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ စီးတီးက ကမ္ဘာ့ကလပ်ဖလား ဆီမီးဖိုင်နယ် အဖြစ် ဂျပန်ကလပ် အူရာဝါအသင်းနဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အဲ့ဒီပွဲမှာ နိုင်ခဲ့ရင်တော့ မန်ချက်စတာ စီးတီးက ဒီဇင်ဘာလ ၂၃ရက်နေ့မှာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။