ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)မှာ ဆောက်သမ်တန်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အမှတ်ပေးဇယားရဲ့ နံပါတ်(၁)နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အိမ်ကွင်း အီတီဟတ်မှာ လတ်တလော ခြေစွမ်းတွေ ဆိုးဝါးနေတဲ့ ဆောက်သမ်တန်ကို ဧည့်ခံ ကစားခဲ့ရာမှာ ပွဲစပွဲဆုံး ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီး ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူနိုင်ခဲ့သလို သူတို့အသင်းကသာ ချန်ပီယံဆု အတွက် အားအကောင်းဆုံးအသင်း ဖြစ်ကြောင်းကို သက်သေပြသွားနိုင်ပါတယ်။

Photo Credit: Man City

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေကို ကန်ဆယ်လို ၊ ဖိုဒန် ၊ မာရက်ဇ်နဲ့ ဟာလန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ စီးတီးရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းဂိုး ၁ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ၃ပွဲဆက် ဟက်ထရစ် သွင်းယူထားနိုင်တဲ့ မှတ်တမ်းကောင်းဟာ ရပ်တန့်သွားခဲ့ရပါတယ်။

မန်ချက်စတာ စီးတီး ၄-၀ ဆောက်သမ်တန် ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာက သူ့အသင်းရဲ့ ကစားပုံ အတွက် အပျော်ကြီး ပျော်နေသလို ဆောက်သမ်တန်နဲ့ပွဲမှာ ၁ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းကိုလည်း စနောက်သွားခဲ့ပါသေးတယ်။

Photo Credit: Sky Sports

ဂွာဒီယိုလာက – “ဒီနေ့ပွဲမှာတော့ ကျွန်တော်က ဟာလန်းကို အရမ်း စိတ်ပျက်တယ်ဗျာ။ (ရယ်လျက်) သူက ၃ဂိုး သွင်းရမယ့် အစား ၁ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်လေ။ ဒါပေမယ့် တခုကောင်းတာက အခုလို ၁ဂိုးပဲ သွင်းနိုင်ခဲ့တဲ့ အတွက် ဟာလန်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ ထုတ်ပေးပါ ဆိုတဲ့ တောင်းဆိုမှုတွေ လျော့ကျသွားမယ် ထင်ပါတယ်။ (ရယ်လျက်) လူတွေက ဟာလန်းနဲ့ ပတ်သတ်ရင် မျှော်လင့်ချက်တွေ အရမ်းကို မြင့်မားလွန်းနေပါတယ်။ လူတိုင်းက ဟာလန်းဟာ တပွဲကို ၃ဂိုး ၊ ၄ဂိုးလောက် သွင်းနိုင်မယ်လို့ ထင်နေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မှာလည်း ဟာလန်းက သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒီနေ့ပွဲမှာ သူက ကျွန်တော်တို့အသင်း ဘောလုံးကို ထိန်းချုပ် ကစားနိုင်အောင် ကူညီပေးနိုင်ခဲ့သလို အသင်းအတွက် တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားသွားခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဟာလန်းရဲ့ ကစားပုံက တကယ်ကို ကောင်းခဲ့ပါတယ်” လို့ ပြောကြားရင်း ဟာလန်းကို စနောက်သွားခဲ့တာပါ။