ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သမိုင်းဝင် ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တပြိုင်ထဲ ရယူနိုင်ခဲ့တဲ့ အင်္ဂလန် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဥရောပ စူပါဖလားပွဲမှာလည်း ယူရိုပါလိဂ်ချန်ပီယံ ဆီဗီးလားကို အနိုင်ရကာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ဥရောပ စူပါဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီးလားတို့က ဂရိမြေပေါ်မှာ ဥရောပ စူပါဖလားပွဲကို ရင်ဆိုင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဖလားပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ နိုင်ပွဲ ရရှိရေး အတွက် အားကုန်ထုတ် ကြိုးစားခဲ့ကြပါတယ်။

Photo Credit: Goal

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ပေမယ့် ကစားသမား အင်အားချင်း ကွာဟချက် ကြီးမားတာကြောင့် မန်ချက်စတာ စီးတီးက ပွဲစပွဲဆုံး ဆီဗီးလားကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ဆီဗီးလားကတော့ ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ်နဲ့ မန်ချက်စတာ စီးတီးကို ဒုက္ခပေးသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဦးဆောင်ဂိုးကို စတင် ရရှိတဲ့ အသင်းက ဆီဗီးလား ဖြစ်ပြီး ဆီဗီးလား တိုက်စစ်မှူး အန်နဆရီက ပွဲချိန် ၂၅မိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ စီးတီးက တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၃မိနစ်မှာ လူငယ်ကြယ်ပွင့် ပါလ်မာက စီးတီးအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက သွင်းဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီမှာတော့ မန်ချက်စတာ စီးတီးက ဆီဗီးလားကို ၅-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဥရောပတိုက်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဥရောပ စူပါဖလားကို ရယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက နည်းပြဘဝမှာ စုစုပေါင်း ဆုဖလား ၃၆လုံး အထိ ရယူနိုင်ခဲ့တာကြောင့် ရိုမေးနီးယား ဂန္တဝင်နည်းပြ လူဆက်ချူကို ကျော်ဖြတ်ကာ ဘောလုံးသမိုင်းတလျှောက် ဒုတိယမြောက် ဆုဖလားအများဆုံး ရရှိတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဘောလုံးသမိုင်းတလျှောက် ဆုဖလား အများဆုံး နည်းပြကြီးကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန် ဖြစ်ကာ ဖာဂူဆန်ဟာ ဆုဖလားပေါင်း ၄၉လုံး အထိ ရရှိထားသူပါ။