မန်ချက်စတာစီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းလည်းဖြစ် လက်ရှိ မြို့ခံကလပ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ အဲရစ်တန်ဟက်ဂ်ကို ယူနိုက်တက်နည်းပြရာထူးနဲ့ ပတ်သတ်ပြီး သူရဲ့ နည်းပြအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကာ သတိပေး ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

စပိန်လူမျိုး ဘောလုံးနည်းပြ ဂွာဒီယိုလာနဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်တို့ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အလုပ်တွဲလုပ်ဖူးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်ပြီး အဲ့ဒီအချိန်က ဂွာဒီယိုလာဟာ ဘိုင်ယန်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့သလို တန်ဟက်ဂ်က ဘိုင်ယန်အရန်အသင်း နည်းပြအဖြစ်နဲ့ တာဝန်ယူခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ဦးက မန်ချက်စတာဒါဘီမှာ ပြိုင်ဖက်တွေအဖြစ်နဲ့ ထိပ်တိုက် ဆုံတွေ့နေကြပြီး ဘယ်သူက ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်သွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

Photo Credit : Football365

နည်းပြနယ်ပယ်မှာ စီနီယာလည်းပိုကျပြီး အောင်မြင်မှုတွေလည်း ပိုမို ရယူထားနိုင်ခဲ့တဲ့ ဂွာဒီယိုလာက တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး “ယူနိုက်တက်ဘက်က သူ့ကို ယုံကြည်မှုပေးပြီး အသင်းကို တည်ဆောက်ဖို့အတွက် အချိန်တွေ ပေးမယ်ဆိုရင်တော့ ဒါက ကြိုဆိုရမှာပါ။ ဒီထက်ပိုပြီး တခြားဘာကိုမှ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေက ရလဒ်တွေအပေါ်မှာ မူတည်နေတယ်ဆိုတာကိုတော့ လူတိုင်းသိပါတယ်။ ကျွန်တော်အနေနဲ့လည်း အတိတ်မှာ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့လို့သာ အခုထိ စီးတီးမှာ ရှိနေရသေးတာ။ မဟုတ်ရင်တော့ ဒီမှာ မရှိနိုင်တော့ဘူး။ ဒါကို အဲရစ်လည်း သိတယ်။ နည်းပြတွေအားလုံးကလည်း ဒါကို သိကြမှာပါ။ ကလပ်အသင်းကြီးတွေကို ကိုင်တွယ်နေရချိန် ခင်ဗျားက အောင်မြင်မှုတွေကို မရယူနိုင်ဘူးဆိုရင် ခင်ဗျားရဲ့နည်းပြသက်တမ်းကလည်း အချိန်သိပ်မကျန်နိုင်ဘူး။ အောင်မြင်မှုတွေ မရယူနိုင်ရင် ပြသာနာတွေ ဖြစ်လာနိုင်လိမ့်မယ်” လို့ အသိပေး ပြောကြားလိုက်ပါတယ်။ အိုင်းယတ်စ်နည်းပြဟောင်း တန်ဟက်ဂ်က လက်ရှိမှာ ယူနိုက်တက်အသင်းကို ပြိုင်ပွဲစုံ (၈)ပွဲသာ ကိုင်တွယ်ထားရသေးပြီး (၅)ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားသလို (၃)ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်က အာဆင်နယ် လီဗာပူးလ်တို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲကျပ်တွေမှာတော့ ယူနိုက်တက်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။