မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ခါရာဘောင်းလိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်းမှာ မိနစ်(၉၀)အတွင်း ဂိုးမရှိသရေ ဖြစ်နေခဲ့ရတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ အိမ်ရှင်ဝက်စ်ဟမ်းက ပင်နယ်တီနဲ့ အနိုင်ယူခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းသွားနိုင်ခဲ့ရပါတယ်။

Photo Credit : The Sun

ဝက်စ်ဟမ်းအသင်းဟာ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းကို ကျော်ဖြတ်လာနိုင်ခဲ့တာဖြစ်သလို စတုတ္ထအဆင့်ပွဲစဉ်မှာလည်း လိဂ်ဖလားပြိုင်ပွဲမှာ (၄)နှစ်ဆက်တိုက်အထိ ဆုဖလားအောင်မြင်မှု ရယူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းကိုပါ ထပ်မံကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းဘက်က ဒီဘရိုင်းနား ဂန်ဒိုဂန် စတာလင် မာရက်ဇ် ဖာနန်ဒင်ဟို စတုန်းစ် ဝေါ်ကာတို့လို ထိပ်တန်းကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းကို မကျော်ဖြတ်နိုင်ခဲ့ပဲ ပင်နယ်တီ အဆုံးအဖြတ်မှာ (၅)ဂိုး(၃)ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

အခုလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ မန်စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွာဒီယိုလာက သူတို့အသင်းကို ကျော်ဖြတ်သွားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပတ်သက်ပြီး “ဒါဟာ သူတို့တွေနဲ့ ရင်ဆိုင်ခဲ့ရသမျှ ပွဲတွေအားလုံးထဲမှာ ဒီတစ်ပွဲက ကျွန်တော်တို့အတွက်တော့ အခက်ခဲဆုံးပါပဲ။ သူတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာရော ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ အကောင်းဆုံး လုပ်ဆောင်နေပြီးတော့ ခါရာဘောင်းဖလားပွဲမှာဆိုရင်လည်း ကွာတားဖိုင်နယ်အဆင့်ထိကို တတ်လှမ်းသွားခဲ့ရပါပြီ။ သူတို့က အရမ်းကို ကောင်းမွန်တဲ့ နည်းပြတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့အနေနဲ့ကလည်း ပွဲတွေကို အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် တစ်ခါတစ်ရံမှာတော့ ဒီလိုတွေ ဖြစ်တတ်ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်ကို ရောက်သွားတဲ့အခါမှာလည်း ဘာမဆို ဖြစ်သွားနိုင်တာပဲလေ။ နောက်နှစ်ဘောလုံးရာသီမှာ ကျွန်တော် ဒီပြိုင်ပွဲဆီ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ပုံစံကောင်းတစ်ခုကို ပြသထားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၄)နေရာထိ ရောက်ရှိနေသလို ယူရိုပါလိဂ်မှာလည်း နောက်တစ်ဆင့်တတ်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။