MySport Myanmar

သူက ညဏ်ကြီးရှင်တစ်ဦးပါလို့ နောက်ပြောင် ပြောဆိုလာခဲ့တဲ့ ဂွာဒီယိုလာ

မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ အိမ်ရှင်ချယ်လ်ဆီးအသင်ကို လူစားဝင် ကစားသမား မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ဒုတိယပိုင်းအတွင်း အသင်းရဲ့ ကစားပုံကို အကောင်းဆုံးပုံစံအဖြစ် ပြောင်းလဲသွားစေနိုင်ခဲ့သော လူစားလဲမှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက သူ့ကိုယ်သူ ညဏ်ကြီးရှင်တစ်ဦးလို့ နောက်ပြောင် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

မန်စီးတီးအသင်းဟာ မနေ့ညက ချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အတော်လေးကို ရုန်းကန်ခဲ့ရပြီး ပွဲချိန် မိနစ်(၃၀)နောက်ပိုင်းမှသာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို စတင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဂွာဒီယိုလာက ဒုတိယပိုင်းမှာပဲ ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသင်းကစားပုံက ကောင်းမွန်လာခဲ့တဲ့အပြင် လိုအပ်နေတဲ့ သွင်းဂိုးပါ ရရှိခဲ့ပြီး အဝေးကွင်း နိုင်ပွဲကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက “ပထမပိုင်းကတော့ လျော့တိလျော့ရဲ ဖြစ်ခဲ့ရတယ်။ အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ pressing ကလည်း တော်တော် ဆိုးရွှားခဲ့တယ်။ ကျွန်တော်တို့ ကောင်းကောင်း မစီစဉ်နိုင်ဘူး”

Photo Credit : Daily Express

“ဒုတိယပိုင်းမှာတော့ အထူးသဖြင့် မာနူရယ်(အကန်ဂျီ)နဲ့ ရစ်ကို(လူးဝစ်)တို့ ဝင်လာချိန်မှာ ကျွန်တော်တို့ ပိုကောင်းလာပါတယ်။ ကျွန်တော်က ညဏ်ကြီးရှင်တစ်ဦးပါ။ ဘာကြောင့်လဲဆိုတော့ အဲဗာတန်နဲ့ပွဲအပြီးမှာ ပွဲချိန်(၈၁)မိနစ်ထိ ဘာလို့ လူစားမလဲခဲ့တာလဲလို့ မေးခံရပြီးနောက်ပိုင်း ဒီနေ့ တစ်စုံတစ်ခုထလုပ်ဖို့ စိတ်ကူးရသွားခဲ့တာပါ။ ဒီပွဲမှာ ကျွန်တော်တို့ ရှုံးပွဲတွေ့သွားနိုင်ခဲ့ပေမယ့် အခုတော့ (၅)မှတ်ကွာ အနေအထားထိ ရောက်ရှိလာခဲ့ပါပြီ။ ကျွန်တော်တို့ ဒီထက်မက ပိုပြီး အမှတ်ကွာဟမှု နီးကပ်လာချင်ပေမယ့် အာဆင်နယ်ကစားပုံက ပိုကောင်းလို့ ဇယားထိပ်မှာ ရပ်တည်နေဖို့ ပိုထိုက်တန်ပါတယ်။ ကျွန်တော်တို့အတွက် အခု နိုင်ပွဲက အရမ်းကို အရေးပါပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းအတွင်း ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က ပို အရေးကြီးပါတယ်။ ဒီလို ပုံစံမျိုးကို ကျွန်တော်တို့တွေ ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်” သုံးသပ် ပြောကြားလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)မှာ ချယ်လ်ဆီးကို အနိုင်ယူထားခဲ့တဲ့ မန်စီးတီးဟာ လာမယ့် တနင်္ဂနွေမှာတော့ ချယ်လ်ဆီးအသင်းနဲ့ပဲ အက်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ထပ်မံ ရင်ဆိုင်ရဦးမှာဖြစ်ပြီး အဲ့ဒီပွဲပြီးရင် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာဒါဘီပွဲကို ဆက်လက် ဆင်နွဲရဦးမှာပဲ ဖြစ်ပါတယ်။

Exit mobile version