MySport Myanmar

ဂျေဇူးကို ရောင်းထုတ်လိုက်တာက အမှားလုပ်ခဲ့မိတာပဲလို့ ဟာမန်း ပြစ်တင်ဝေဖန်

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ဒီမီတာဟာမန်းက မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာအနေနဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးကို အာဆင်နယ်အသင်းဆီ ရောင်းချလိုက်ခြင်းဟာ အမှားတစ်ခုကို လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

Photo Credit : Just Arsenal

အာလင်းဟော်လန်းနဲ့ ယူလီယန်အဲလ်ဗာရက်ဇ်တို့ တိုက်စစ်ကစားသမားနှစ်ဦးကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂျေဇူးကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီး အခုဆိုရင်တော့ ဂျေဇူးက အာဆင်နယ်အသင်းဆီ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျေဇူးကို အသင်းကနေ အခုလို ထွက်ခွာခွင့်ပြုလိုက်ခြင်းဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာအနေနဲ့ အမှားတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်တယ်လို့ စီးတီးကစားသမားဟောင်းကြီး ဟာမန်းက မှတ်ချက်ပြု ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : The Guardian

ဟာမန်းက “ပတ်ဂွာဒီယိုလာအနေနဲ့ ဂါဘရီရယ်ဂျေဇူးကို ထွက်ခွာခွင့်ပေးလိုက်တာက အမှားတစ်ခု လုပ်ဆောင်ခဲ့တာပါ။ အာလင်းဟော်လန်းက ဒဏ်ရာပြသာနာများစွာ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဟာလည်း အလွန်ကို ရုပ်ပိုင်းဆိုင်ရာ ဦးစားပေးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ဂါဘရီရယ်ဂျေဇူးရဲ့ stats ကို ကြည့်လိုက်မယ်ဆိုရင်လည်း အဲ့ဒီမှာ အရမ်းအထင်ကြီးလောက်စရာပါ။ နောက်ပြီး သူက အသင်းအတွက်ကိုလည်း ဂိုးတွေများစွာ သွင်းယူပေးနိုင်ခဲ့တာဖြစ်လို့ အခုလို သူ့ကို ထွက်ခွာခွင့်ပြုလိုက်တာက ကျွန်တော် အလွန်ကို အံ့အားသင့်မိရတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျေဇူးဟာ သူ့ကို အတော်လေး အလိုရှိနေတဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့လိုက်ပြီဖြစ်ပြီး အာဆင်နယ်မှာလည်း ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြဟောင်း အာတီတာနဲ့ ပြန်လည်လက်တွဲရတော့မှာလည်း ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် တိုက်စစ်ကစားသမား ဂျေဇူးဟာ ၂၀၁၇ခုနှစ်ကတည်းက ပါးလ်မီးရပ်စ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာတာဖြစ်ပြီး အသင်းနဲ့ (၆)ရာသီ ဖြတ်သန်းခဲ့ပြီး (၂၃၆)ပွဲကစား (၉၅)ဂိုးထိ သွင်းယူနိုင်ခဲ့လို ပရီးမီးယားလိဂ်ဖလား အက်အေဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ မန်စီးတီးအသင်းကတော့ ဂျေဇူးကိုသာမကပဲ ဂျေဇူးရဲ့အသင်းဖော် ရာဟင်စတာလင်ကိုပါ အသင်းကနေ ရှင်းထုတ်သွားဖို့အထိ စီစဉ်နေပြီး အင်္ဂလန်လက်ရွေးစင် စတာလင်ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Exit mobile version