မန်စီးတီးအသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဗလင်စီယာအသင်းက လူငယ်တောင်ပံကစားသမားလေး ဖာရန်တောရက်စ်နဲ့ ဘုန်းမောက်နောက်ခံကစားသမား နာသန်အကီတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းသွားဖို့အတွက်ပါ ပြင်ဆင်လျက်ရှိနေပြီး လက်ရှိမှာတော့ အင်တာမီလန်အသင်းရဲ့အာဂျင်တီးနားတိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂူရိုရဲ့နေရာမှာ ရေရှည်အစားထိုးသွားနိုင်ဖို့အတွက် စပါးအသင်းရဲ့အင်္ဂလန်တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် ဒီနွေစျေးကွက်မှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့က မလွယ်ကူသေးတဲ့အတွက် အင်တာတိုက်စစ်ကစားသမား မာတီနက်ဇ်ကိုပဲ ပြောင်းလဲပစ်မှတ်ထားလာခဲ့တာဖြစ်သလို နွေစျေးကွက်ရဲ့အဓိကပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းရစ်မြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အသက်(၂၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အင်တာမီလန်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသလို့ထားပြီး ပြိုင်ပွဲစုံအတွင်း သွင်းဂိုး(၂၀)ဂိုးအထိ သွင်းယူလို့ထားခဲ့ပါတယ်။ အသင်းအတွက် ဒီလိုခြေစွမ်းပြသထားနိုင်တဲ့ မာတီနက်ဇ်ကို အင်တာမီလန်ဘက်ကနေ စာချုပ်လျော်ကြေးအဖြစ် ပေါင်(၈၁)သန်းအထိ သတ်မှတ်ထားတာကြောင့် ဒီပမာဏက မန်စီးတီးကို ခက်ခဲစေနိုင်တယ်လို့ ယူဆနိုင်ပေမယ့်လည်း အသင်းက ကစားသမားတချို့ကို ရောင်းချနိုင်မယ်ဆိုရင်တော့ မာတီနက်ဇ်ကို ခေါ်ယူဖို့က ခဲယဉ်းနိုင်ဖွယ် မရှိလောက်တော့ပါဘူး။ မာတီနက်ဇ်ကို မန်စီးတီးမတိုင်ခင် ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ အသည်းအသန်ကြိုးပမ်းခဲ့ပေမယ့်လည်း အင်တာဘက်ကနေ တောင်းဆိုထားတဲ့ ပမာဏထိကို ပေးချေဖို့ အဆင်မပြေခဲ့တာကြောင့် ညှိနှိုင်းနေရင်းနဲ့ပဲ အပြောင်းအရွှေ့ကိစ္စက လုံးဝပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ တိုက်စစ်မှူးအဂူရိုနေရာအတွက် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတစ်ယောက်နဲ့ အစားထိုးချင်နေတာဖြစ်ကာ မာတီနက်ဇ်က ဒီကွက်လပ်ကို ဖြည့်တင်းပေးနိုင်မယ့် အရည်အချင်းရှိတာကြောင့် ဒီနွေစျေးကွက်မှာပဲ အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။