မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက မန်စီးတီးအသင်းကို ကိုင်တွယ်နေစဉ်အတွင်းမှာ အသင်းအတွက် ပြည်တွင်းဆုဖလားတွေ များစွာကို ရယူပေးနိုင်ခဲ့ပေမယ့်လည်း ဥရောပ ချန်ပီယံလိဂ်လို ဆုဖလားကြီးကိုတော့ လုံးဝ မဆွတ်ခူးပေးနိုင်ခဲ့ပဲ ဖြစ်နေရာ ဒီအကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက ရှင်းလင်း ပြောဆိုလိုက်ပါတယ်။
Photo Credit : Daily Mail
၂၀၁၆ခုနှစ်ကတည်းက မန်စီးတီးအသင်းနည်းပြအဖြစ် စတင် တာဝန်ယူခဲ့တဲ့ ဂွာဒီယိုလာဟာ အသင်းကို (၆)နှစ်တာအထိ ကိုင်တွယ်ထားချိန်မှာ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ် လိဂ်ဖလား (၄)ကြိမ် အက်အေဖလား (၁)ကြိမ် ရယူပေးနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာပဲ ဗိုလ်လုပွဲအဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်တိုင်းလိုလို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် သတ်မှတ်ခံရသလို တာထွက်လည်း ကောင်းခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ မန်စီးတီးက နှစ်တိုင်းမှာ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ ဆက်လက် အလှမ်းဝေးနေဆဲသာ ဖြစ်နေရပါတယ်။
Photo Credit : Gurensey Press
မန်စီးတီးအသင်းက ထိပ်တန်းကစားသမားကောင်းတွေကို နှစ်သင်းစာလောက် ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်သလို ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ကို နှစ်ကြိမ်တောင် သိမ်းပိုက်ခဲ့ဖူးတဲ့ ဂွာဒီယိုလာလို နည်းပြမျိုးကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ချန်ပီယံလိဂ် အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရခြင်းက ရီးယဲလ်မက်ဒရစ်အသင်းကြောင့်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ကိုပင်ဟေဂင်အသင်းနဲ့ တစ်ဖက်ကို ဂိုးမရှိသရေနဲ့ ပွဲအပြီးမှာ အင်တာဗျူးမေးသူက မန်စီးတီးအသင်းအနေနဲ့ ဘာကြောင့် ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်သေးရတာလဲဆိုပြီး မေးမြန်းလာခဲ့ရာ ဂွာဒီယိုလာက “မက်ဒရစ်က ဒီမှာ အမြဲတမ်း ရှိနေလို့ပါပဲ” လို့ ရိုးရှင်းတဲ့ အဖြေတစ်ခုကို ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ရီးယဲလ်အသင်းဟာ ၂၀၁၄ခုနှစ်ကနေ စတင်ပြီး ချန်ပီယံလိဂ်မှာ ဆုဖလား(၅)ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ကလပ်အသင်း ဖြစ်သလို ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းပါ ဖြစ်နေရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း ရီးယဲလ်ဟာ မန်စီးတီးကို နောက်ကျသွင်းဂိုးတွေနဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ဖြတ်ကျော်ထားခဲ့တာလည်း ဖြစ်ပါတယ်။