မန်စီးတီးအသင်းရဲ့ နည်းပြတွေထဲမှာ အအောင်မြင်ဆုံးသော နည်းပြတစ်ဦးဖြစ်တဲ့ ပတ်ဂွာဒီယိုလာဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အချိန် အသင်းနဲ့ လက်တွဲဖြုတ်တဲ့အခါ သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းတွေထဲကမှ နယ်သာလန် လက်ရွေးစင်အသင်းရဲ့ နည်းပြနေရာကို လက်ခံသွားဖွယ် ရှိနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Sunday Mirror သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ နည်းပြဟောင်း ဂွာဒီယိုလာဟာ ၂၀၁၆ခုနှစ်ကနေ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်မှာရော ဥရောပတခွင်မှာပါ အကောင်းဆုံး အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ထားခဲ့သလို အသင်းအတွက် ပရီးမီးယားလိဂ်ဖလား အပါအဝင် ပြည်တွင်းဆုဖလားအားလုံး ရရှိအောင် စွမ်းဆောင်ခဲ့ကာ ချန်ပီယံလိဂ်မှာလည်း ဒုတိယနေရာထိ ရရှိအောင် ဆောင်ရွှက်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ်မှာပဲ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ သက်တမ်းကုန်ချိန်မှာ ဂွာဒီယိုလာက မန်စီးတီးနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနေတဲ့အပြင် သူရဲ့စိတ်ဆန္ဒအတိုင်း နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းကို ပြောင်းလဲကိုင်တွယ်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

Pep Guardiola

Photo Credit : Daily Express

ဒီလို နိုင်ငံအသင်း တစ်သင်းကို ကိုင်တွယ်ချင်နေတဲ့ ဂွာဒီယိုလာကို သူရဲ့ဆရာသမားတစ်ဦးဖြစ်တဲ့ ယိုဟန်ခရိုက်ရဲ့ မွေးရပ် နယ်သာလန် ဘောလုံးအသင်းကနေ လက်ရွေးစင်နည်းပြအဖြစ် ကမ်းလှမ်းလာနိုင်ပြီး ဂွာဒီယိုလာကလည်း ဒီကမ်းလှမ်းမှုကို လက်ခံလာနိုင်တယ်လို့ Mirror ကနေ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာ ကမ္ဘာ့အကောင်းဆုံး နည်းပြမျိုးကို သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှ အသင်းကနေ ထွက်ခွာပေးလိုက်ဖို့ထက် အသင်းမှာ ဆက်လက်ရှိနေရေးကိုပဲ မန်စီးတီးဘက်က ထပ်မံကြိုးပမ်းလာနိုင်သလို ဂွာဒီယိုလာအနေနဲ့ မန်စီးတီးနဲ့ လက်တွဲဖြုတ်ခဲ့ချိန် သူရဲ့မွေးရပ်ဖြစ်တဲ့ စပိန်နိုင်ငံရဲ့ လက်ရွေးစင်အသင်းမှာပါ နည်းပြနေရာ လစ်လပ်နေမယ်ဆိုရင်တော့ နယ်သာလန်ထက် စပိန်ကို ပိုမိုဦးစားပေးလာနိုင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ်ကနေ စတင်ပြီး ဘာစီလိုနာ နည်းပြအဖြစ် နည်းပြနယ်ပယ်ထဲကို ခြေချလာခဲ့တဲ့ ဂွာဒီယိုလာက မန်စီးတီးအသင်းနဲ့ သက်တမ်းကုန်ဆုံးမယ့် ၂၀၂၃ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲပြီး ဘောလုံးလောကထဲက တစ်နှစ်နီးပါးလောက် အနားယူနိုင်သေးတာကြောင့် မန်စီးတီးဘက်က ဂွာဒီယိုလာကို သက်တမ်းတိုးဖို့ရော သူထွက်သွားတဲ့အခါ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက်ပါ စီစဉ်ထားရတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဂွာဒီယိုလာ ထွက်ခွာသွားရင် သူရဲ့လက်ထောက်နည်းပြဟောင်း အာတီတာကို အစားထိုးသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။